အတွင်းဝန်များရုံးမှာကျင်းပပြုလုပ်နေတာပါ။
Ei Ei Htun

မြန်မာ့လက်မှုအနုပညာလက်ရာတွေ၊ မြန်မာ့စားသောက်ဖွယ်ရာများနဲ့ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း(၂၀၀) ကျော်နဲ့ ခင်းကျင်းပြသထားတဲ့ မြန်မာ့ဂုဏ်ရည်ပွဲတော်ကြီးကိုတော့ အောက်တိုဘာလ(၄)ရက်နေ့ကနေ (၆)ရက်နေ့ထိရန်ကုန်မြို့ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်နေပါတယ်။ 

မြန်မာ့ယဉ်ကျေးမှုနဲ့လက်မှုပစ္စည်းများအပါအဝင် မြန်မာ့ရိုးရာစားသောက်ကုန်များကို တစ်နေရာတည်းမှလေ့လာခွင့်ရရှိမယ့် မြန်မာ့ဂုဏ်ရည်ပွဲတော်ကြီးကို ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အဆောက်အအုံဖြစ်တဲ့ အတွင်းဝန်ကြီးများရုံးမှာကျင်းပလျှက်ရှိပါတယ်။ ဒီပွဲကိုတော့ အောက်တိုဘာလ(၄)ရက်နေ့ကနေ (၆)ရက်နေ့ထိ၃ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာပါ။ မြန်မာ့ယဉ်ကျေးမှု လက်မှုအနုပညာများကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင်ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ မြန်မာ့ လက်မှုပစ္စည်းတွေကို ပြည်သူအများသိရှိပြီး လူငယ်တွေကိုလက်ဆင့်ကမ်းဖို့နဲ့ ပြည်တွင်းကိုရောက်ရှိလာတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအနေနဲ့ ဒီပွဲကိုလာရောက်လေ့လာခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ လက်မှုပညာတွေနဲ့စားသောက်ကုန်တွေကိုလေ့လာပြီး ကိုယ့်မြန်မာ့ယဉ်ကျေးမှုတွေကိုနှစ်သက်မြတ်နိုးလာအောင် ဒီပွဲကို ကျင်းပခြင်းဖြစ်တယ်” လို့ မြန်မာ့ဂုဏ်ရည်မှ PR Manager ကိုဝင်းမော်ဦးက မီဒီယာတွေကိုပြောပါတယ်။



မြန်မာ့ဂုဏ်ရည်ပွဲတော်မှာဆိုရင်ဆိုင်ခန်းပေါင်း(၂၀၀) ကျော်ကိုခင်းကျင်းပြသထားပါတယ်။ ရိုးရာအဝတ်အထည်တွေ၊ ပြည်တွင်းလက်မှုပစ္စည်းတွေ၊ လက်ဝတ်ရတနာပစ္စည်းများနဲ့ စားသောက်ကုန်များလည်းပါဝင်ပါတယ်။ ခမ်းနားတဲ့ သမိုင်းအကြောင်းတွေရှိတဲ့ အတွင်းဝန်များရုံးမှာကျင်းပပြုလုပ်တာလည်းဖြစ်လို့ သမိုင်းအမွေအနှစ်တွေကိုလည်း လေ့လာခွင့်ရရှိမှာပါ။ မြန်မာ့ဂုဏ်ရည်ပွဲတော်ကြီးကို အောက်တိုဘာလ(၄)ရက်နေ့ကနေ (၆)ရက်နေ့ထိ နေ့လည်(၂)နာရီကနေ ည(၈)နာရီထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လေ့လာစရာတွေအများကြီးရှိသလို ကိုယ့်မြန်မာနိုင်ငံက ထွက်တဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူနိုင်ပြီး မြန်မာ့ရိုးရာမုန့်တွေကိုလည်း ဝယ်ယူသုံးဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်တယ်။ ဝင်ကြေးကလည်းအခမဲ့ဖြစ်လို့ သွားရောက်လေ့လာသင့်တဲ့ ပွဲတော်တစ်ခုပင်ဖြစ်ပါတယ်။


က္က