Duwun သတင်းဌာနသည် ကြည့်ရှုသူပရိသတ်အားဖြင့်ကြည့်လျှင် မြန်မာနိုင်ငံတွင် နံပါတ်တစ် ဒစ်ဂျစ်တယ်မီဒီယာတစ်ခု ဖြစ်သည်။
Ye Yint Htay

ဆွစ်ဇာလန်အခြေစိုက် မီဒီယာလုပ်ငန်းစုဖြစ်သည့် Ringier AG နှင့် ပြည်တွင်းမီဒီယာလုပ်ငန်းစု Information Matrix ပူးပေါင်းတည်ထောင်ထားသည့် Duwun သတင်းဌာန (IM Ringier Company Limited) က ၎င်း၏ duwun.com.mm သတင်းနှင့် ဖျော်ဖြေရေး ဝက်ဘ်ဆိုဒ်၏ ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စေရန်အလို့ငှာ ရန်ကုန်ရှိ Irie Digital အေဂျင်စီကို ဝယ်ယူလိုက်ပြီဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် Rianne Roggema တည်ထောင်ခဲ့သည့် Irie Digital သည် ဒစ်ဂျစ်တယ်နှင့် ဆိုရှယ်မီဒီယာ ကိုအခြေခံ၍ ကုမ္ပဏီများ၌ ဖောက်သည်များ တိုးပွားရန်နှင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အလုံးစုံ ပံ့ပိုးပေးနေသော အေဂျင်စီဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှာ စတင်ထူထောင်လိုက်သော Duwun သည် လူငယ်လူရွယ်များအတွက် သတင်း၊ လူမှုဘဝနှင့် ဖျော်ဖြေရေးကဏ္ဍများကို အွန်လိုင်းမှတဆင့် တင်ဆက်ပေးနေသော သတင်းဌာနဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် Follower စုစုပေါင်း ၁၇ သန်းခန့်နှင့် တစ်လလျှင် ဗီဒီယို ကြည့်ရှုမှု သန်း ၁၀၀ ကျော် ရရှိနေသော Duwun သတင်းဌာနသည် ကြည့်ရှုသူပရိသတ်အားဖြင့်ကြည့်လျှင် မြန်မာနိုင်ငံတွင် နံပါတ်တစ် ဒစ်ဂျစ်တယ်မီဒီယာတစ်ခု ဖြစ်သည်။ 


 “Irie Digital ကို ဝယ်ယူလိုက်ခြင်းက Duwun အတွက် ကျွန်တော်တို့ရဲ့ ရေရှည်မဟာဗျူဟာနဲ့ အပြည့်အဝကိုက်ညီပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီရဲ့ စိတ်ကြိုက်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီမြှင့်တင်ဖို့ရာ ဒစ်ဂျစ်တယ်ကိစ္စရပ်တွေကို ဖန်တီးဖို့အတွက် မြန်မာနိုင်ငံက ကုမ္ပဏီတွေမှာ လိုအင်များစွာ ရှိနေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ Irie ရဲ့ မဟာဗျူဟာနဲ့ ဖန်တီးနိုင်စွမ်းတွေက ဖောက်သည်တွေရဲ့စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုအသစ်တွေကို တီထွင်ကြံဆနိုင်ပြီး ကုန်ပစ္စည်းတွေ၊ အဖွဲ့အစည်းတွေ နဲ့ ကြော်ငြာရှင်တွေအတွက် အလွန်ကောင်းမွန်ပြီး ပြည့်စုံသော ဖြေရှင်းနည်းတွေကို ကျွန်တော်တို့ ပေးစွမ်းနိုင်မှာပါ။ ကျွန်တေ်တို့ရဲ့ဆောင်ရွက်ချက်တွေမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လာမယ့် Irie Digtial အဖွဲ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ကျွန်တော်တို့တွေ အတူတကွ ပေါင်းစည်းပြီး မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် မြင်ကွင်းကြီးကို ပုံဖော်ပေးနိုင်တော့မှာပါ” ဟု Ringier Asia ၏ အကြီးအကဲ Benjamin Gajkowski က ပြောသည်။ 

 “ကျွန်မတို့တွေက တီထွင်ဖန်တီးမှုပညာရှင်အဖွဲ့ဖြစ်ပါတယ်။ လုပ်ငန်းစတင်ကတည်းက ကျွန်မတို့ရဲ့ ဖောက်သည်တွေရဲ့ အမြဲတမ်း မြင့်တက်နေတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပုံဖော် ဖန်တီးပေးနေပါတယ်။ အခုအချိန်အထိ ဆိုရှယ်မီဒီယာကို အခြေခံတဲ့ ဒစ်ဂျစ်တယ်အေဂျင်စီတစ်ခုပါပဲ။ ဒါပေမဲ့ ဒီထက်ကျော်လွန်ပြီး ခေတ်အမီဆုံး အတွေးအခေါ်နဲ့ သေချာတွက်ချက်ထားတဲ့ မဟာဗျူဟာပေါင်းစပ်ပြီး မှန်ကန်သောဖောက်သည်ဆီကို နေရာမှန်၊ အချိန်မှန် ချိတ်ဆက်ပေးနိုင်မယ့် ဒစ်ဂျစ်တယ်အတွေ့အကြုံတွေကို ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Duwun နဲ့ Irie Digital က တကယ့်ကို လိုက်ဖက်ညီပါတယ်။ Duwun ရဲ့ ကမ်းလှမ်းချက်တွေမှာ ထပ်ဆောင်းဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ Irie Digital ရဲ့ လက်ရှိမန်နေးဂျင်းဒါရိုက်တာ Rianne Roggema က ပြောပါတယ်။

Irie Digital နှင့် ပေါင်းစည်းလိုက်ပြီးသည့်နောက် အဓိကကျသည့် ဝန်ထမ်းများလည်း Duwun ကို ရောက်ရှိလာမည် ဖြစ်ပါသည်။ Duwun ၏ လက်ရှိ General Manager ဖြစ်သည့် Jesse Gage ကလည်း မကြာခင်မှာ Duwun ကနေ ထွက်ခွာပြီး Ringier လုပ်ငန်းစုအတွင်း နောက်ထပ် စိန်ခေါ်မှုအသစ်များကို လုပ်ဆောင်တော့မည်ဖြစ်သည်။ သတင်းပတ်အနည်းငယ်အတွင်း ၎င်းရဲ့တာဝန်များကို Rianne Roggema ကို လွှဲပြောင်းပြီး ဦးဆောင်မှုပိုင်း လွှဲပြောင်းမှုမှတစ်ဆင့် Duwun ကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်သည်။

“Duwun ရဲ့ အနာဂတ် CEO ဖြစ်လာမယ့် Rianne Roggema နဲ့ဆိုရင် မြန်မာစျေးကွက်မှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတစ်ခုကို ရရှိနိုင်မှာဖြစ်လို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ Rianne က လုပ်ငန်းတည်ထောင်မှု အတွေ့အကြုံအများကြီး ရှိပါတယ်။ ဒါဟာ Duwun တိုးတက်ဖို့အတွက် ရရှိလိုက်တဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်မှာပါ။ တစ်ချိန်တည်းမှာပဲ ဒီကုမ္ပဏီကို ပူးတွဲတည်ထောင်တဲ့ လုပ်ငန်းစုနှစ်ခုကိုယ်စား Jesse Gage ကို ကျေးဇူးတင်ချင်ပါတယ်။ မြန်မာစျေးကွက်မှာ Duwun ထိုးဖောက်နိုင်ဖို့ သူက တကယ့်ကို စိတ်အားထက်ထက်သန်သန်နဲ့ စိတ်အပြည့်နှစ်ပြီး လုပ်ခဲ့တဲ့အတွက်ပါ။ ဒီထက်မက များစွာ တိုးတက်အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်” ဟု Benjamin Gajkowski ပြောကြားခဲ့ပါသည်။

 


က္က