ရန်ကုန်မှာ ဖြစ်ပွားသူ အများဆုံးနဲ့ စံချိန်တင်နေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ဧပြီလ ၂၀ ရက် မနက်ပိုင်းအထိ ၁၁၁ ဦးရှိနေပြီး ဖြစ်ပွားမှုအများဆုံးဒေသကတော့ ရန်ကုန်မြို့ဖြစ်နေကာ ၉၂ ဦးအထိ ရှိနေခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီလို စံချိန်တင်များပြားနေတဲ့ ရန်ကုန်မြို့မှာဆိုရင် ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ မြို့နယ် (၇) မြို့နယ်မှာ semi lock down တွေ လုပ်ထားရသလို လူငါးဦးနဲ့ အထက်ပိုပြီး စုဝေးခြင်းမပြုဖို့၊ ညပိုင်းတွေမှာ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ တိုင်းအစိုးရကလည်း ဒေသန္တရအမိန့်တွေ ဆက်တိုက်ထုတ်ပြန်ခဲ့ရပါတယ်။



ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့အပြင် ပြည်ပက ခရီးသွားဝင်ရောက်မှုတွေကို ကန့်သတ်ထိန်းချုပ်မှုတွေ ၊ ထုတ်ပြန်မိန့်တွေဟာ အနည်းငယ်နောက်ကျသွားတာကြောင့် ဒီလိုကူးစက်မှုနှုန်းမြင့်မားသွားရတာလို့ အင်းစိန်ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ပါမောက္ခဒေါက်တာမာမာကြည်က အခုလို သုံးသပ်ပြောဆိုပါတယ်။

Photo- ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ ရန်ကုန်မြို့တွင်းမှာ သွားလာနေကြတဲ့သူများကို တွေ့ရစဉ်။

“ တစ်ချို့တွေဟာ ထုတ်ပြန်မိန့် နည်းနည်းနောက်ကျသွားတဲ့အခါမှာ မကန့်သတ်မိဘဲ Community ထဲရောက်သွားတာတွေရှိတယ်။အဓိကပြန့်သွားရတဲ့အကြောင်းရင်းက လူဦးရေများတယ်။ တကယ့် နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်က တစ်ဆင့်လည်းဝင်လာတဲ့သူတွေ အဲဒီကာလမှာ အရမ်းများခဲ့တယ်။ ဒါကြောင့် ကူးစက်မှု များတယ်လို့ ယူဆပါတယ်” လို့ ဒေါက်တာ ဒေါ်မာမာကြည်ကအခုလို သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ပိုးတွေ့လူနာ (၂) ဦးဟာဆိုရင် အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံက ပြန်လာသူတွေဖြစ်ပြီး ပြည်ပကကူးစက်မှုတွေကတစ်ဆင့် စတင်ခဲ့ပြီးတဲ့နောက် လူစုလူဝေးနဲ့ ပြုလုပ်ကြတဲ့ ဘာသာရေးပွဲအခမ်းအနားတွေ၊ ပြည်ပက နောက်ထပ်ထပ်ရောက်လာသူတွေက တစ်ဆင့် ထပ်ဆင့်ကူးစက်ခဲ့ကြရာကနေ ရန်ကုန်ဟာ ကူးစက်မှုနှုန်းအမြင့်ဆုံးနဲ့ စံချိန်တင်နေခဲ့တာပါ။

အခုဆိုရင်လည်း သင်္ကြန်အားလပ်ရက်ကာလပြီးဆုံးပြီးနောက် ဒေသပေါင်းစုံက အလုပ်သမားတွေ၊ ရန်ကုန်တိုင်းအတွင်းက စက်ရုံ၊အလုပ်ရုံအချို့ လုပ်ငန်းခွင်ပြန်ဝင်လာတာမျိုးတွေ ရှိနေကြပြီး မြို့တွင်းမှာလည်း ပြည်သူအချို့က အသွားအလာပြန်လုပ်နေကြပြီလည်းဖြစ်ပါတယ်။

ဒီလို သွားလာမှုတွေ၊လုပ်ငန်းပြန်လည်လည်ပတ်မှုတွေကို ခွင့်ပြုလိုက်တဲ့အခါမှာ ရောဂါဖြစ်ပွားမှု ပိုပြီးတော့မြင့်လားမလားဆိုပြီး ပြည်သူတွေအကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

“အခုချိန်မှာ သင်္ကြန်ကာလပြီးလို့ ပုံမှန်သွားလာခွင့်ပြုတာတွေ၊ လုပ်ငန်းခွင်ပြန်ဝင်ရတာမျိုးတွေက မဖြစ်သင့်သေးဘူး။ တစ်နေ့တစ်နေ့ ဖြစ်ပွားသူဦးရေကလည်း ပိုတိုးလာနေတဲ့အချိန်မှာ ရောဂါကို မထိန်းချုပ်နိုင်တော့မှာကိုစိုးရိမ်တယ်” လို့ ကြည့်မြင်တိုင် မြို့နယ်မှာနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မသီရိက ပြောပါတယ်။

Photo- ရန်ကုန်တိုင်းအတွင်းစက်ရုံလုပ်ငန်းခွင်ပြန်ဝင်လာကြသူများကို တွေ့ရစဉ်။

လက်ရှိ နိုင်ငံတကာဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်ရင်တော့ ရောဂါဖြစ်ပွားသူ နည်းနေသေးတယ်လို့ သတ်မှတ်နိုင်ပေမယ့် ပိုးရှိသူနဲ့ အထိအတွေ့မရှိခဲ့ဘဲ ကူးစက်မှုစတင်ဖြစ်ခဲ့ရင် Lock Down လုပ်သင့်တယ်လို့ အထွေထွေကုသမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်ကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“ အခုက ထပ်ဆင့်ကူးစက်မှုတွေပဲ ရှိနေသေးတယ်။ ဒီတစ်ပတ်နှစ်ပတ်လောက်က ကူးစက်မှုက ဖြည်းဖြည်းချင်းသွားနေသေးတယ်ဆိုရင်တော့ Semi Lock Down အနေနဲ့ ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်ပတ်ဝန်းကျင်မကူးစက်အောင် ထိန်းထားနိုင်မှာပေ့ါ။ ကြားထဲမှာ ကူးစက်မှုနှုန်းရုတ်တရက်ခုန်လာရင်၊ Contact မရှိသောသူတွေမှာ Positive Case များလာရင်တော့ လုံး၀ Lock Down လုပ်သင်ပါ့တယ်။ “ လို့ ဒေါက်တာ မိုးအောင်ကျော်နိုင်က Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ ဧပြီလ ၂၀ ရက် မနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ ၁၁၁ ဦးအထိ ရှိနေခဲ့ရာမှာ ရန်ကုန်တိုင်းက ၉၂ ဦး၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ၄ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့မှာ ၄ ဦး၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ လားရှိုးမြို့နဲ့ တောင်ကြီးမြို့တို့မှာ စုစုပေါင်း ၄ ဦး၊မန္တလေးတိုင်းမှာ ၂ ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂ ဦး၊ နေပြည်တော်မှာ ၁ ဦး၊ မွန်ပြည်နယ် (ကျိုက်မရော) မြို့နယ်မှာ ၁ ဦးနဲ့ မကွေးတိုင်းမှာ ၁ ဦးတို့ ဖြစ်ပြီး သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်ကောင်းမွန်သူ ၅ ဦး ရှိလာပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က