အန္တရာယ်ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
Ei Ei Htun

လက်ရှိနိုင်ငံတွင်း ကိုဗစ်လူနာတွေထဲက ၆၀ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ရှိခဲ့တဲ့သူတွေဖြစ်လို့ ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါကို မပေါ့ဆကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်သူတွေထဲမှာလည်း လက္ခဏာမပြဘဲပိုးရှိနေတဲ့သူတွေက အများကြီးရှိနိုင်လို့ ဒီအချက်ကို ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ။



“ရောဂါက ချောင်းဆိုးလိုက်တာနဲ့ ပိုးရဲ့အမှုန်အမွှားတွေက လေထဲမှာပြန့်နေတဲ့အတွက် ဒါကိုရှူမိရင်ရောဂါကူးစက်နိုင်တဲ့အတွက် အလွန်ကြောက်စရာကောင်းတယ်။ အခုပိုးတွေ့လူနာတွေရဲ့ (၆၀)%လောက်ကလည်း လက္ခဏာမပြတဲ့ ပိုးတွေ့လူနာတွေဖြစ်တော့ အလွန်အန္တရာယ်ကြီးပါတယ်။ အခုချိန်မှာ ဒီရောဂါကိုကုဖို့တိတိကျကျဆေးမရှိဘူး။ ပြည်သူတွေအနေနဲ့ကလည်း အရမ်းကိုပေါ့ဆနေပြီ။ ဈေးတွေ၊ စားသောက်ဆိုင်တွေမှာဆို Mask မတပ်ကြတော့ဘူး။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ ဒုတိယလှိုင်းဖြစ်ဖို့ အရမ်းကို အန္တရာယ်ကြီးလို့ ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့ပြောလိုပါတယ်”လို့ ဒေါက်တာမြင့်ထွေးကပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကျောင်းတွေလည်းပြန်ဖွင့်ထားသလို စားသောက်ဆိုင်တွေလည်းပြန်ဖွင့်ထားပြီဖြစ်လို့ ဂရုစိုက်ရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ ဂရုမစိုက်မိခဲ့လို့ ကိုဗစ် ဒုတိလလှိုင်း၊ တတိယလှိုင်းတွေဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ကလည်း ဒီချိန်မှာ ပြည်သူတွေအနေနဲ့ ပေါ့ရမယ့်အချိန်မဟုတ်တဲ့အတွက် ကာကွယ်မှုတွေအားနည်းတာတွေ့ရတော့ စိုးရိမ်တယ်လို့ဆိုပါတယ်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ကာကွယ်ရေးကအဓိကကျတာက ကုသရေးအတွက် စရိတ်ကသိပ်ပြီးတော့ဖွံ့ဖြိုးမှုမရှိသေးတဲ့နိုင်ငံအတွက် အင်မတန်မှ ကြီးလေးတဲ့ ဝန်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကာကွယ်ရေးကို ပိုပြီးဂရုစိုက်ဖို့လိုတယ်”လို့ အတိုင်ပင်ခံကတိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ပြည်သူတွေအနေနဲ့ ကိုဗစ် နဲ့ ပတ်သက်ပြီး စည်းကမ်းလိုက်နာမှုတွေအားနည်းလာတဲ့အတွက် တစ်နေ့ကို (၅)ကြိမ် အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။ ကိုဗစ် ကပ်ရောဂါက ပြီးဆုံးသွားတာမဟုတ်တဲ့အတွက် ပြည်သူတွေ စည်းကမ်းလိုက်နာဖို့လိုအပ်သလို မပေါ့ဆကုဖို့ကလည်းအရေးကြီးလှပါတယ်။

လတ်တလော နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုကိုအထိုက်အလျောက် ထိန်းချုပ်ထားနိုင်ပေမယ့်လည်း ပြည်သူတွေသာပေါ့ဆမှုတွေရှိလာရင်တော့ ဒုတိယလှိုင်းကို ရင်ဆိုင်ဖို့ အခက်အခဲတွေရှိနိုင်တယ်လို့လည်းတာဝန်ရှိသူတွေအသိပေးပြောကြားထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ဇူလိုင်လ (၂၈)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ (၃၅၀)ဦးရှိပြီး ပြန်လည်ပျောက်ကင်းသူ ( ၂၉၂)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Htun

    Content Writer/Reporter


က္က