ဒီနေ့မနက်ဆွေးနွေးပွဲမှာ သြစတြေးလျနဲ့ အိန္ဒိယကပြန်လာသူ နှစ်ဦးက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောခဲ့တာပါ။
Mi Thawdar Aung

COVID-19 ရောဂါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က အခြားနိုင်ငံတွေထက် အလွန်ကောင်းမွန်ကြောင်း ဒီနေ့မနက်အွန်လိုင်းဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးခဲ့သူ ပြည်ပကပြန်လာသူ နှစ်ဦးက ချီးကျုးပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၄ ရက်မနက်က ပြုလုပ်တဲ့ COVID-19 ကပ်ရောဂါကာလမှာ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သြစတြေးလျနိုင်ငံကပြန်လာသူ မသန္တာအောင်စိုး၊ အိန္ဒိယနိုင်ငံကပြန်လာသူ မအေးအေးအောင်တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံကပြန်လာသူ မအေးအေးအောင်မှာသူ့အနေနဲ့ အိန္ဒိယနိုင်ငံကို ယောဂပညာသွားသင်ဖု့ိအတွက် ဇန်နဝါရီလကတည်းက အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကို ရောက်ရှိနေခဲ့ပြီး မတ်လ ၂၄ ရက်နေ့မှာ မွန်ဘိုင်းမှာ ပထမဆုံး Lock Down ကာလနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီကာလမှာ အစိုးရအနေနဲ့ စည်းမျဉ်းတွေ သေချာမပြောပြနိုင်သေးတဲ့အချိန်မှာ ကောလဟလတွေကြောင့် ပြည်သူတွေဟာ အလုအယက်ဝယ်ယူစုဆောင်းခဲ့ကြသလို အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ကြတော့ဘူးလို့ဆိုပါတယ်။ အဲဒီနောက် စားသောက်ဆိုင်တွေလည်းအပြင်မှာ ရောင်းချတာမရှိတော့သလို အစားအသောက်ပို့တဲ့ Delivery စနစ်ကလည်း ပိတ်သွားတာကြောင့် နှစ်ပတ်ခန့် အခက်အခဲရောက်ခဲ့ရတယ်လို့သိရပါတယ်။ ဒါ့အပြင် မွန်ဘိုင်းမြို့မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေလည်း ပိတ်သိမ်းသွားခဲ့တယ်လို့သိရပါတယ်။

မွန်ဘိုင်းမြို့ဟာ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ရွှေ့ပြောင်းအလုပ်သမားအများဆုံးရှိတဲ့နေရာတစ်ခုဖြစ်ပြီး အဲဒီကာလတွေတုန်းက ရွှေ့ပြောင်းအလုပ်သမားသိန်းနဲ့ချီဟာ နေရေးစားရေးအခက်အခဲကြုံခဲ့ရတယ်လို့ မအေးအေးအောင်က ပြောပြပါတယ်။ အဲဒီအလုပ်သမားတွေဟာ အိမ်လည်းပြန်လို့မရ၊ မွန်ဘိုင်းမြို့မှာနေဖို့ကလည်း အိမ်လခမပေးနိုင်တာကြောင့်သူတို့တွေဟာ လမ်းဘေးမှာပဲ အခင်းခင်းပြီးနေခဲ့ကြရတယ်လို့ မအေးအေးအောင်က သူမြင်တွေ့ရတဲ့အတွေ့အကြုံတစ်ချို့ကို အတိုင်ပင်ခံကို ပြောပြခဲ့တာပါ။

ဒါ့အပြင် ရောဂါဖြစ်ပွားမှုကလည်း အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ဒုတိယအများဆုံးမြို့ ဟာ မွန်ဘိုင်းမြို့ဖြစ်ပြီး အစိုးရဆေးရုံတွေမှာ ကုတင်တွေမလောက်ခဲ့တာကြောင့် ကြမ်းပြင်မှာပဲ အခင်းခင်းပြီး ကုသခဲ့ရတယ်လို့သိရပါတယ်။ အဲဒီနောက် အစိုးရက ပုဂ္ဂလိကဆေးရုံတွေမှာကုသခွင့်ပေးခဲ့ရာ ပုဂ္ဂလိကဆေးရုံတွေမှာကုသတဲ့စရိတ်က အဆမတန်များလွန်းတာကြောင့် ကိုဗစ်လူနာတွေဟာ စိတ်ထိခိုက်ပြီး ဆေးရုံတွေမှာပဲ ကိုယ့်ကိုကိုယ်သတ်သေမှုတွေ အများဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေတဲ့စနစ်တွေကိုလည်း မလိုက်နာကြတဲ့အပြင် ပွဲလမ်းသဘင်တွေ လုပ်တာမျိုးတွေတောင်ရှိခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယမှာ တရုတ်လူမျိုးနဲ့ တူတဲ့သူ တွေ့ခဲ့ရင်လည်းကိုရိုနာ ဗိုင်းရပ်စ်သယ်ဆောင်လာသူလို့ ယူဆကြပြီး လူမျိုးရေးခွဲခြားမှုတွေလည်း ကြုံခဲ့ရတယ်လို့ မအေးအေးအောင်က ပြန်ပြောပြပါတယ်။

အိမ်မှာနေတဲ့ကာလတွေတုန်းမှာ မီတာခလည်း အရင်ကထက် အဆနှစ်ဆယ်တက်သွားခဲ့ပြီး အရင် ရူပီး ၁၅၀ ပေးရာကနေ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီးနောက်ပိုင်း ရူပီး လေးထောင်ကျော်ပေးခဲ့ရတယ်လို့ မအေးအေးအောင်ကဆိုပါတယ်။ စားသောက်ကုန်တွေကလည်း ဈေးကို နှစ်ဆ၊ သုံးဆတင်ပြီးရောင်းချတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မအေးအေးအောင်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာဖို့ အခက်အခဲများစွာရင်ဆိုင်ခဲ့ရပြီး သံရုံးရဲ့ အကူအညီနဲ့ မေလကုန်ခါနီးလောက်မှာ ရန်ကုန်ကို ပြန်လာနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မှာ ဟိုတယ်ကွာရန်တင်းဝင်ပြီး နောက်တစ်ရက်မှာ ကိုဗစ်ပိုးတွေ့ခဲ့လို့ ဆေးရုံမှာ သွားရောက် ကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံမှာလည်း တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ လေအေးပေးစက်၊ အဝတ်လျှော်စက်တွေ ထားထားပေးရတာတွေ့ရတဲ့အပြင် လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအကြား မထိတွေ့အောင် ပစ္စည်းတွေ ပို့ပေးတဲ့ အဝေးထိန်းခလုတ်နဲ့ ထော်လီလေးတွေ လုပ်ပေးထားတာကိုလည်း သဘောကျခဲ့တယ်လို့ မအေးအေးအောင်က ဆိုပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ သံရုံးရဲ့ တာဝန်ကျေမှုတွေကြောင့်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံက ပြန်လာသူ မသန္တာအောင်စိုးကတော့ သြစတြေးလျမှာ Lock Down လုပ်ထားတဲ့အချိန်မှာ တစ်ဦးထက်ပိုပြီး အပြင်ထွက်မရလို့သတ်မှတ်ထားပြီး လိုအပ်တဲ့ပစ္စည်းဝယ်ယူတာမျိုးမဟုတ်ဘဲ အပြင်ထွက်တာရှိခဲ့ရင် ဒဏ်ကြေးငွေ အများကြီးပေးရတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် သြစတြေးလျမှာ ခံနိုင်ရည်ရှိတဲ့ လူငယ်မှာ ကိုဗစ် ပိုးတွေ့ခဲ့တယ်ဆိုပါက ဆေးရုံကို မလာခိုင်းဘဲ နေအိမ်မှာဘဲကုသစေကာ ရောဂါပြင်းထန်မှသာ ဆေးရုံမှာ လာရောက်ကုသဖို့ သြစတြေးလျအစိုးရက ညွန်ကြားထားတယ်လို့သိရပါတယ်။ 

ဒါ့အပြင် မသန္တာအောင်အနေနဲ့ သံရုံးရဲ့ အကူအညီနဲ့ပဲ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာခဲ့ရာ မြန်မာဘက်က လေယာဉ်ဝန်ထမ်းတွေဟာ Face Shield တွေ၊ PPE ဝတ်စုံတွေ စသဖြင့် အပြည့်အဝအသုံးပြုထားပေမယ့် သြစတြေးလျဘက်မှာတော့ Mask တပ်တာ၊ လက်သန့်ဆေးရည်တွေ ထားပေးတာလောက်ပဲ တွေ့ရပြီး ရောဂါကာကွယ်ရေးမှာ မြန်မာနိုင်ငံလောက် ပြင်ဆင်ထားတာတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။ လေယာဉ်ကွင်းရောက်ပြီး ကွာရန်တင်းစင်တာကိုပို့ဆောင်တဲ့ မီနီဘတ်စ်ပေါ်မှာလည်း တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာနေနိုင်အောင် စီစဉ်ပေးထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

ကွာရန်တင်းစင်တာမှာဆိုရင်လည်း ရေ၊မီးအစုံ၊ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အပြည့်အဝပေးထားပြီး အမျိုးသမီးတွေအတွက်လည်း လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဖြစ်အောင်လုပ်ပေးထားတယ်လို့ မသန္တာအောင်က မြန်မာနိုင်ငံက ကွာရန်တင်းစင်တာအတွေ့အကြုံကို အတိုင်ပင်ခံထံ ပြောပြခဲ့တာပါ။

ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေ၊ မသန်စွမ်းတွေအတွက် အဆင်ပြေမယ့် ကွာရန်တင်းစင်တာတစ်ခုလည်း ဖော်ဆောင်ပေးသင့်ကြောင်း မသန္တာအောင်က အကြံပြုပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ဇန်နဝါရီလပိုင်းလောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ အတူ စီးပွားရေးအကျိုးဆက်တွေအတွက်ပါပြင်ဆင်ခဲ့ကာ အတတ်နိုင်ဆုံး ပြည်သူတွေ အထိအခိုက်နည်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီနေ့မနက်ဆွေးနွေးပွဲမှာတော့ ပါဝင်ဆွေးနွေးခဲ့ကြသူအားလုံးက ပြည်ပ နိုင်ငံတွေမှာကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေနဲ့ နှိုင်းယှဉ် ချိန်ထိုးပြီး သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က