ဇွန် ၃၀အထိ ပိုးတွေ့လူနာ ၂၉၉ဦးရှိရာမှာ ၂၂၁ဦး ပြန်လည်ပျောက်ကင်းသွားပါပြီ။

ရောဂါဖြစ်ပွားမှုတွေ လျော့ကျသွားသလို ကိုဗစ်သံသယလူနာဟာလည်း သိသိသာသာ လျော့နည်းသွားပြီး ဧပြီလနဲ့ မတ်လအတွင်းမှာ တစ်ရက်ကို သံသယလူနာ ၁၀၀ လောက် ကုသပေးခဲ့ရပြီး လူနာသစ် တွေ့ရှိမှုကလည်း တစ်ရက်ကို ၂၅ ဦးကနေ ၃၀ ဦးခန့်အထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာဟာ ဇွန်လ ၃၀ရက်နေ့အထိ ၂၉၉ဦးအထိရှိခဲ့ပေမယ့် ဒီအရေအတွက်ဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မူလမျှော်မှန်းထားတဲ့ ပမာဏထက်များစွာ လျော့နည်းခဲ့တယ်လို့ ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ဒီကနေ့ ဇွန်လ ၃၀မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ အွန်လိုင်းဆွေးနွေးမှုမှာ ပြောကြားလိုက်ပါတယ်။



မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်နေ့က ပထမဆုံးပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၃၀ရက်နေ့အထိ စုစုပေါင်း လူစာရင်းက ၂၉၉ဦးရှိပေမယ့် ပြန်လည်သက်သာပျောက်ကင်းသွားသူက ၂၂၁ဦးထိရှိလာပါပြီ။ သေဆုံးသူကလည်း ၆ဦးသာရှိခဲ့လို့ ဒီအခြေအနေတွေဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မျှော်မှန်း ထားတာထက် များစွာ လျော့နည်းနေခဲ့တယ်လို့ ဒေါက်တာ သန္တာလွင်က အခုလိုသုံးသပ်ပြောခဲ့တာပါ။

“ဇွန်လအကုန်ထိ ပိုးတွေ့လူနာ ၂၉၉ဦးရှိပါတယ်။ ဒါဟာ ကျွန်မတို့မျှော်မှန်းထားတာထက် များစွာ လျော့နည်းတဲ့ အရေအတွက်မှာရှိနေပါတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်ထိန်းချုပ်တဲ့ လုပ် ငန်းတွေဟာ ထိရောက်မှုရှိနေတာကို တွေ့ရပါတယ်။ ကုသမှုပေးခဲ့တဲ့ လူနာတွေထဲမှာလည်း ၂၂၁ဦးပြန်ကောင်း လာပြီးသေဆုံးသူက ၆ဦးသာရှိသလို ပြည်သူတွေအတွင်းမှာလည်း ကူးစက်မှုဟာ မရှိသလောက် လျော့နည်းသွားတာကို တွေ့ရှိရပါတယ်”လို့ ဒေါက်တာသန္တာလွင်က သုံးသပ်တင်ပြခဲ့တာပါ။

ဒါ့အပြင် ဇွန်လ ၂၈ရက်နေ့ အထိ ပြည်ပက ပြန်လာသူ ၂သိန်း၈သောင်းလောက်ရှိခဲ့တဲ့အနက်  ၇ သောင်း ၆ ထောင်ခန့် အထိ ပိုးစစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းက ၀ ဒဿမ ၂ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။

ရောဂါဖြစ်ပွားမှုတွေ လျော့ကျသွားသလို ကိုဗစ်သံသယလူနာဟာလည်း သိသိသာသာ လျော့နည်းသွားပြီး ဧပြီလနဲ့ မတ်လအတွင်းမှာ တစ်ရက်ကို သံသယလူနာ ၁၀၀ လောက် ကုသပေးခဲ့ရပြီး လူနာသစ် တွေ့ရှိမှုကလည်း တစ်ရက်ကို ၂၅ဦးကနေ ၃၀ဦးလောက်အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ တစ်နေ့ကို သံသယလူနာအဖြစ် ဆေးရုံရောက်လာတဲ့လူနာဟာ ၂ ဦး၊ ၃ ဦးလောက်သာရှိတော့တယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆက်လက် ပြောခဲ့ပါသေးတယ်။

“ ကိုဗစ် သံသယလူနာက အရင်တုန်းကဆိုရင် နေ့စဉ်နဲ့အမျှ ၁၀၀လောက်ရှိခဲ့ပြီး ဇန်နဝါရီကနေ ဇွန်အထိ သံသယ လူနာ ၁၁၄၇ဦးကိုစစ်ဆေးပေးခဲ့ရာမှာ ၁၁ဦးမှာ ပိုးတွေ့လို့ သက်ဆိုင်ရာ ဆေးရုံတွေကို လွှဲပြောင်း ပေးခဲ့ပါတယ်။အခုတော့ တစ်နေ့ကို သံသယလူနာက ၂ဦး ၃ဦးလောက်သာ ရှိတော့ပြီး ဒါကလည်း ပြည်သူတွေ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်းတွေကို လိုက်နာတာကြောင့် ဖြစ်ပါတယ်။အခု တော့ ကိုဗစ်မဟုတ်တဲ့ အခြားလူနာတွေကို ပိုကုပေးနေရပါပြီ၊”လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ပြောပါတယ်။

နိုင်ငံတော်အနေနဲ့ ကိုဗစ်ကာလအတွင်း တားမြစ်ထားမှုတွေကို ဖြေလျော့ပေးနေပြီ ဖြစ်တာကြောင့် အခြားတိုင်းနှင့်ပြည်နယ်က ကိုဗစ်မဟုတ်တဲ့ အခြားရောဂါတွေ (နှလုံးရောဂါ၊ကင်ဆာရောဂါ) တွေအပြင် ခွဲစိတ်လူနာတွေကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြန်လည်လာရောက်ကုသနေကြပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အများပြည်သူတွေဟာ လမ်းမတွေပေါ်ကို အရင်လို ပြန်လည်သွားလာနေကြတာကြောင့် ယာဉ်မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလည်း ဆေးရုံတွေမှာ ပိုပြီးများပြားလာနေတယ်လို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။

“ လမ်းမတွေမှာ အသွားအလာတွေ ပြန်များလာတော့ ယာဉ်မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလည်း ပိုတိုးလာတယ်။ ဒါ့အပြင် ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းလာတဲ့အတွက် ကူးစက်ရောဂါများလာရင် ဆေးရုံအနေနဲ့ ထိထိရောက်ရောက်ကုသပေးနိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။” လို့ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းတွေကို ဆက်လက်လိုက်နာကြဖို့၊ ရောဂါဖြစ်ပွားမှုလျော့လာပေမယ့်လည်း မပေါ့ကြဖို့ ၊ နောက်နှစ်လသုံးလောက်အထိ သည်းခံကြဖို့ ဆိုပြီး ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲကတစ်ဆင့် ပြည်သူတွေကို သတိပေး ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က