ဆေးရုံကဆင်းခွင့်ပြုဖို့ အတွက် စီစဉ်နေပါတယ်။

COVID-19 လူနာနံပါတ် ၃၊ ၉ နဲ့ ၁၂ တို့ကို ရောဂါပိုးစစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် Negative အဖြေထွက်ရှိခဲ့ပြီလို့ ဒီကနေ့ ဧပြီလ ၁၇ ရက် ည ၈ နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် International SOS ဆေးခန်းမှာ အလုပ်လုပ်တဲ့ လူနာနံပါတ် ၁၅ ကလည်း Negative အဖြေတစ်ကြိမ် ထွက်ထားပြီး နောက်ထပ်တစ်ကြိမ်စစ်ဆေးဖို့တော့ ရှိတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ “ လူနာနံပါတ် ၁၅ ကို ဧပြီလ ၁၄ ရက်နေ့ကစစ်ဆေးရာမှာ Negative ပြထားတယ်။ သူ့ကို နောက်တစ်ကြိမ်ထပ်စစ်ရဦးမယ်။ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်တည်ငြိမ်ပါတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



လူနာနံပါတ် ၁၅ အမျိုးသမီးဟာ COVID19 ရောဂါကြောင့် ဆုံးပါးခဲ့ရတဲ့ ပေါက်ခေါင်းမြို့နယ်က လူနာနံပါတ် ၁၇ ရဲ့ အမျိုးသမီးဖြစ်ပြီး သားသမီးနဲ့ တူမ ဖြစ်သူ လူနာနံပါတ် ၁၈၊၁၉ ၊၂၀ တို့မှာ လည်း ရောဂါပိုးတွေ့ရှိထားပြီး ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

လတ်တလော ရောဂါပိုး Negative နှစ်ကြိမ်ဆက်တိုက်ပြသထားတဲ့ လူနာနံပါတ် ၃၊၉ နဲ့ ၁၂ တို့ကိုလည်း ဆေးရုံကဆင်းခွင့်ပြုနိုင်ဖို့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးရဲ့ ပြောပြချက်အရပါတယ်။

လူနာနံပါတ် ၃ ကတော့ အသက် ၂၆ နှစ်အရွယ် အင်းစိန်မြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အင်္ဂလန်နိုင်ငံက ပြန်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ကို ဧပြီလ ၄ ရက်နဲ့ ဧပြီလ ၉ ရက်တို့မှာ ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာမှာတော့ (၂) ကြိမ်လုံးရောဂါပိုးမတွေ့ရှိရတော့ဘူးလို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူနာနံပါတ် ၉ ကတော့ မင်္ဂလာဒုံမြို့နယ်က အသက် ၄၄ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူ့ကိုလည်း ဧပြီလ ၉ ရက်နဲ့ ၁၂ ရက်တို့မှာ ဓာတ်ခွဲစစ်ဆေးရာ နှစ်ကြိမ်လုံးရောဂါပိုးမတွေ့ရတော့တာပါ။

လူနာနံပါတ် ၁၂ ကတော့ ပြင်သစ်နိုင်ငံသား အသက် ၅၂ နှစ်အရွယ်ဖြစ်ပြီး သူ့ကိုလည်း ဧပြီလ ၉ ရက်နဲ့ ၁၆ ရက်တို့မှာ ဓာတ်ခွဲစစ်ဆေးရာ COVID-19 ရောဂါပိုးမတွေ့ရှိရတော့ဘူးလို့ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန်လည်ကောင်းမွန်သူ ၅ ဦးအထိ ရှိနေပြီး လူနာနံပါတ် ၃၊ လူနာနံပါတ် ၄ ၊ လူနာနံပါတ် ၇၊ လူနာနံပါတ် ၉ နဲ့ လူနာနံပါတ် ၁၂ တို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က