မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ‌‌‌ရောဂါပိုးကို မတ်လ ၂၃ ရက်နေ့ကစတင်တွေ့ရှိတာ ဖြစ်တဲ့အတွက် အခုဆိုရင် ၅ လတိတိ ရှိသွားခဲ့ပါပြီ။

ယနေ့ (သြဂုတ်လ ၂၃ ရက်) နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၆ ဦးတိုးလာခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ စုစုပေါင်း အတည်ပြုလူနာ ၄၅၀ ဦးရှိပြီ ဖြစ်ပါတယ်။

ယနေ့ည ထပ်တိုးတဲ့ အတည်ပြုလူနာ ၆ ဦးမှာ တစ်ဦးကသာ လူနာအမှတ် ၃၉၈ ၊ ၄၁၇ တို့နဲ့ ထိတွေ့မှုရှိပြီး လေးဦးကတော့ ရောဂါကူးစက်နိုင်ခြေများသူအုပ်စုထဲက တွေ့ရှိခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျန်တစ်ဦးကတော့ ဘယ်သူနဲ့မှ ထိတွေ့ခြင်းမရှိတဲ့၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိတဲ့ စောင့်ကြည့်လူနာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်လုံးဝမတွေ့ရှိတော့တာ တစ်လတိတိကြာချိန် သြဂုတ်လ ၁၆ ရက်နေ့ကစပြီး စစ်တွေမှာ လူနာအမှတ် ၃၇၅ ကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် ဆက်တိုက်ဆိုသလို သူနဲ့ တိုက်ရိုက်ဆက်စပ်သူတွေ၊ တိုက်ရိုက်ဆက်စပ်သူတွေနဲ့ ဆက်နွယ်သူတွေမှာ တွေ့ရှိခဲ့တဲ့အပြင် အခြားသူတွေမှာလည်း ရောဂါတွေ့ရှိခဲ့ပါတယ်။

စစ်တွေမှာ သြဂုတ်လ ၁၆ ရက်ကနေ စတင်တွေ့ရှိခဲ့တဲ့ လူနာဟာ ယနေ့အထိ တစ်ပတ်အတွင်း ၅၉ ဦး ရှိနေပြီ ဖြစ်ပြီး အတည်ပြုလူနာနဲ့ လုံးဝထိတွေ့ခြင်း၊ ဆက်နွယ်ခြင်းမရှိဘဲ ရောဂါပိုးတွေ့ရှိသူက ၁၆ ဦးနေပါတယ်။ ၅၉ ဦးထဲမှာ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ပါဝင်ပြီး ကျန် ၅၄ ဦးက စစ်တွေမြို့မှ ဖြစ်ပါတယ်။

ကူးစက်မှု မြန်ဆန်လွန်းနေပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိပြီးကူးစက်တာမျိုးမဟုတ်ဘဲ အပြင်မှာ ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကူးစက်တာတွေမျိုးတွေရှိနေတဲ့အတွက် ဒီပိုးဟာ ယခင်ထက် ကူးစက်မှု ၁၀ ဆမြန်တဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးအစားဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ်လ(၂၂)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ကုသဆဲလူနာ ၃၀ ကျော်အထိ လျော့ကျခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ကုသဆဲလူနာ ၁၀၃ ဦးရှိနေပါတယ်။ အတည်ပြုလူနာ ၄၅၀ ဦးထဲက ၆ ဦး သေဆုံးကာ ၃၄၁ ဦးက ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က