မြန်မာဒေသစံတော်ချိန် မနက် ၂ နာရီမှာ လွှတ်တင်မှာပါ။

မြန်မာနိုင်ငံ ကိုယ်ပိုင် ဂြိုဟ်တု Myanmar Sat 2 ကို ပြင်သစ်ဂီယာနာ ရှိအာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းကနေ သြဂုတ်လ ၇ ရက် မြန်မာနိုင်ငံဒေသစံတော်ချိန် မနက် ၂ နာရီမှာ လွှတ်တင်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကနေ သိရပါတယ်။

Photo- MOI



ပြင်သစ်နိုင်ငံ ဒေသစံတော်အချိန်အရ သြဂုတ်လ ၆ ရက် ညနေ ၄ နာရီခွဲမှာ လွှတ်တင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ Myanmar Sat 2 ကို အရင်က ဇူလိုင် ၂၄ ရက်မှာ လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ပြင်သစ် ဂီယာနာရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေးစခန်းကနေ ဇူလိုင် ၁၀ ရက်မှာ လွှတ်တင်ခဲ့တဲ့ အီတလီနိုင်ငံလုပ် ဒုံးပျံတစ်စင်း လွှတ်တင်ပြီး ၉ မိနစ်အကြာမှာ ပျက်ကျခဲ့တာကြောင့် လွှတ်တင်မယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

Photo- Arinespace

ဂြိုဟ်တု တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က စတင် လက်မှတ်ရေးထိုးခဲ့တာပါ။ အဆိုပါ ဂြိုဟ်တုကို မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက်ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ဖြစ်ကာ အစိုးရအနေနဲ့ အရစ်ကျ ပေးဆပ်ရမှာလည်း ဖြစ်ပါတယ်။

ဂြိုဟ်တုလွှတ်တင်ခြင်းကြောင့် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ စွမ်းဆောင် ရည်မြန်နှုန်းတွေကို တိုးမြှင့်ပေးနိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် အာဖရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်မှာ မြန်နှုန်းမြှင့် ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုလွှတ်တင်တဲ့ ဗီဒီယိုကို ဩဂုတ် ၇ ရက်မှာ မာဇာက လွှတ်တင်မှု၊ ပတ်လမ်းရောက်ရှိ လည်ပတ်နိုင် မှုနဲ့ တိုးတက်မှုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ Twitter , Linkedin နဲ့ Facebook တို့မှာ တင်ပြပေးမှာ ဖြစ်သလို www.arianespace.com မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က