အလှကုန်ဆိုင် ဝန်ထမ်း ၈၇ ယောက်ကို Hotel Quarantine နဲ့ အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့အသစ်တွေ့ရတဲ့ ကိုဗစ်ပိုးတွေ့လူနာက မန်းမြန်မာပလာဇာ ပထမထပ်ရှိ အလှကုန်ဆိုင်တစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တယ်လို့ သိရပြီး ၎င်းနဲ့ထိတွေ့သူတွေ အများကြီးရှိနိုင်ပေမယ့်လည်း ခရီးသွားရာဇဝင်တော့ မရှိဘူးလို့ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ရေးမှူးဦးညွန့်ဝင်းက ပြောပါတယ်။

"ကလေးမလေးက ဈေးချိုမန်းမြန်မာပလာဇာက စတိုးဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးမ လုပ်တာပါ၊ ဘယ်လို ကူးစက်ခံရတယ်ဆိုတဲ့ ကူးစက်မှုရာဇဝင်ကိုတော့ လတ်တလော မသိရသေးပါဘူး၊ ခရီးသွားရာဇဝင်လည်းမရှိဘူးလို့ သိရပါတယ်။" လို့ ၎င်းကပြောပါတယ်။ ပိုးတွေ့လူနာဟာ အသက် ၃၀ ကျော် အမျိုးသမီးဖြစ်ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် တက်ရောက်ကုသမှုခံယူစဉ် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



လက်ရှိမှာတော့ ၎င်းနဲ့အတူနေမိသားစုဝင် ၅ ယောက်ကို ၎င်းရဲ့နေအိမ်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ်အောင်ချမ်းသာကျေးရွာနေအိမ်ကနေ ဇီးပင်ကြီး Quarantine Center ဆီပို့ဆောင်လိုက်ပြီဖြစ်သလို ၎င်းအလုပ်လုပ်တဲ့အလှကုန်ဆိုင်ကဝန်ထမ်း ၈၇ ယောက်ကိုလည်း မန္တလေးမြို့မှ ဟိုတယ်တစ်ခုမှာ Hotel Quarantine နဲ့ အသွားအလာကန့်သတ် စောင့်ကြည့်ထားတယ်လို့ သိရပါတယ်။

"လောလောဆယ်မှာတော့ မိသားစုလိုက် Quarantine Center ပို့ထားပြီးပါပြီ၊ ပိုးတွေ့လူနာရဲ့အိမ်ကို လောလော ဆယ်မှာ Lock down ချထားပါတယ်၊ ဆေးဖြန်းတာတွေလည်းလုပ်ပြီးပါပြီ ပတ်ဝန်းကျင်ကလူတွေကိုလည်း နေအိမ်မှာပဲနေပေးကြဖို့မေတ္တာရပ်ခံထားပါတယ်၊ အသွားအလာကန့်သတ်တာမျိုး မဟုတ်ပါဘူး လို့လည်း ဦးညွန့်ဝင်းကပြောပါတယ်။ လူနာအလုပ်လုပ်တဲ့ မန်းမြန်မာပလာဇာအခြေအနေနဲ့ပတ်သက်လို့တော့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦး အောင်မြင့်သိန်းက "သူနဲ့ထိတွေ့သူတွေရဲ့ဓာတ်ခွဲနမူနာအဖြေထွက်လာတဲ့အပေါ်မူတည်ပြီး ဈေးအခြေအနေသိရပါမယ်၊ ခုကတော့ ဈေးပိတ်ရက်လည်းဖြစ် တော့ ဆေးဖြန်းတာတွေဘာတွေလုပ်သွားပါမယ်" လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က