အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အသိပေးညွှန်ကြားထားတာပါ။
Ei Ei Htun

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ ဆောင်းဘောက်သံကျယ်လောင်စွာဖွင့်လှစ်ခြင်းတွေကို မထိန်းချုပ်နိုင်ပါက အုပ်ချုပ်ရေးမှူးတွေကိုပါအရေးယူမယ်လို့ လွှတ်တော်အစည်းအဝေးမှာ နယ်လုံဝန်ကြီးကပြောကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောပါတယ်။


မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာတွေမှာ အလှူ၊ မင်္ဂလာဆောင်နဲ့ အလှူခံအဖွဲ့တွေအနေနဲ့ အသံချဲ့စက်နဲ့ ဆောင်းဘောက်သံများကို ပြည်သူလူထု နားမခံသာအောင် ကျယ်လောင်စွာဖွင့်လှစ်ခြင်း မပြုလုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ မွန်ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှသိရပါတယ်။

“ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ဆောင်းဘောက်သံကျယ်လောင်စွာဖွင့်လှစ်ခြင်းက ရပ်၊ကျေး ဥပဒေထဲမှာပါတယ်။ နယ်၊လုံအစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာပြောတာက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့တော့ပြောတယ်။ အခုကပွင့်လင်းရာသီရောက်လာတော့ မင်္ဂလာဆောင်တွေ ၊အလှူတွေ၊ ဘုရားပွဲတွေကလည်းရောက်လာတော့မှာ။ အခုကဘယ်လိုဖြစ်လဲဆိုတော့ လူတွေကတော်တော်ဆိုးဆိုးပဲဗျ။ ပွဲတစ်ခုလုပ်ပြီဆို ဆောင်းဘောက်တွေ(၁၀)လုံးလောက်ထပ်ပြီး အကျယ်ကြီးတွေဖွင့်ကြတာ။ ခေတ်ကာလကလည်း တိုးတက်လာတော့ ပစ္စည်းတွေကလည်းကောင်းတယ်လေ။ (၁၀)လုံးလောက်က ထွက်လာတဲ့အသံကို ဘယ်သူကနားခံသာမှာလဲ။ အသံတွေကတဒုန်ဒုန်းနဲ့ နှလုံးရောဂါရှိတဲ့သူတွေဆိုသေနိုင်တယ်” လို့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက Duwun ကိုပြောပါတယ်။

photo- Dawei Watch

ဆောင်းဘောက်တွေကို လုံးဝဖွင့်လှစ်ခွင့်မပေးတာမျိုးမဟုတ်ဘဲ သတ်မှတ်ထားတဲ့အသံအနေအထားလောက်ဖွင့်လှစ်ဖို့ကိုတော့ ခွင့်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ ဆောင်းဘောက်သံကျယ်လောင်စွာဖွင့်လှစ်ခြင်းတွေကို မထိန်းချုပ်နိုင်ပါက အုပ်ချုပ်ရေးမှူးတွေကိုပါအရေးယူမယ်လို့ လွှတ်တော်အစည်းအဝေးမှာ နယ်လုံဝန်ကြီးကပြောကြောင်း ဦးဉာဏ်ဟိန်းကပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးတွေကိုပါ အရေးယူမယ်ဆိုရင် အုပ်ချူပ်ရေးမှူးတွေတစ်ယောက်မှကျန်မှာတောင်မဟုတ်ဘူး။ အမှန်တော့ ဒါက ရပ်၊ကျေးဥပဒေထဲမှာသာပါလို့ အုပ်ချုပ်ရေးမှူးတွေနဲ့ဆိုင်တယ်လို့သာပြောတာ။ သူတို့ထိန်းချုပ်နိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး။ အလှူမင်္ဂလာဆောင်မှာဖွင့်တာတွေက အများစုက မူးနေကြတာ။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သွားပြောလည်း ပြန်ပြီးရန်ပြုခံရမှာ။ အဲဒီတော့ ဒီကိစ္စက ရဲဘက်ဆိုင်ရာတွေကထိန်းချုပ်ရမယ့်ကိစ္စဖြစ်တယ်”လို့ ဦးဉာဏ်ဟိန်းကပြောပါတယ်။

photo- Shwe Myintmakha

ရပ်၊ကျေးဥပဒေအရ ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့ ကျယ်လောင်စွာအသံတွေကိုပြုလုပ်ပါက ဒဏ်ကြေးငွေအဖြစ်(၅၀၀၀)သတ်မှတ်ထားတာကြောင့် ပြည်သူလူထုအနေနဲ့က (၅၀၀၀)ဆိုတော့မမှုဘဲ လုပ်ချင်တာလုပ်ပြီး ဒဏ်ကြေးဆောင်မယ်ဆိုတဲ့ ပုံစံတွေဖြစ်နေတာလို့ ဦးဉာဏ်ဟိန်းကပြောပါတယ်။

ဆောင်းဘောက်သံဆူညံစွာဖွင့်လှစ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေနဲ့ ဥပဒေသစ်တစ်ရပ်ရေးဆွဲဖို့ လိုတယ်လို့ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ 


က္က