မိသားစုဝင်တွေကိုတော့ နဒီမြန်မာဟိုတယ်ကိုပို့ဆောင်ထားပါပြီ။
Ei Ei Htun

မန္တလေးက Covid 19 Positive လူနာနေထိုင်ခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်က မမ(၂၇)၊ တိုက်နံပတ် (၆)တစ်ခုလုံးကို Home Quarantine ပြုလုပ်ထားတယ်လို့ ချမ်းမြသာစည်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှသိရပါတယ်။ 

တိုက်တစ်တိုက်လုံးက အခန်းမှာနေထိုင်တဲ့ သူတွေအားလုံးကို Home Quarantineလုပ်ထားပြီးတော့ လူနာနဲ့ သူရဲ့ဇနီးကို ကန်တော်နဒီဆေးရုံမှာ ထားရှိထားပြီး ကျန်တဲ့ မိသားစုဝင်(၅)ဦးကိုတော့ နဒီမြန်မာဟိုတယ်မှာပို့ဆောင်ထားတယ်လို့ ချမ်းမြသာစည်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြင့်အောင်မိုးက Duwun ကိုပြောပါတယ်။ 

“ ခုမနက်ပိုင်းမှာပဲ တစ်တိုက်လုံးကို Home Quarantineလုပ်လိုက်တယ်။ အားလုံးကလည်းလက်ခံကြပါတယ်။ လူနာရဲ့မိသားစုနေထိုင်တဲ့အခန်းကိုတော့ ပိုးသတ်ဆေးဖြန်းပြီးပိတ်ထားတယ်။ တိုက်တစ်ခုလုံး Home Quarantineလုပ်တာဆိုတော့ သူတို့စားဝတ်နေထိုင်ရေးအဆင်ပြေအောင် အပြင်မှာ volunteer team အဖွဲ့ရှိပါတယ်။ သူတို့စားချင်တာ လိုအပ်တာအားလုံးအဆင်ပြေအောင်လုပ်ပေးမှာပါ။ (၁၄)ရက်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ ကျန်းမာရေးအဖွဲ့က တစ်နေ့ကို နှစ်ကြိမ်လာရောက်စစ်ဆေးမှုတွေပြုလုပ်သွားမယ်” လို့ ဦးမြင့်အောင်မိုးကပြောပါတယ်။ 

အဆိုပါလူနာအမျိုးသား ဌားစီးလာတဲ့ အိုးဝေ မောင်းနှင်သူကလည်း ဒီကနေ့ မနက်ပိုင်းမှာပဲ တာဝန်ရှိသူတွေထံလာရောက်စစ်ဆေးခံခဲ့ပြီးတော့ သူနဲ့အတူ လူနာရဲ့ မိသားစုဝင်အားလုံးရဲ့ သွေးတွေကို နမူနာယူပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

အိုးဝေမောင်းတဲ့သူက တစ်ယောက်တည်းနေထိုင်တဲ့သူဖြစ်လို့ သူ့ကိုလည်း နေအိမ်မှာပဲ (၁၄)ရက်အသွားအလာကန့်သတ်ထားပြီး စားသောက်ရေးအတွက်ကိုလည်း အကုန်တာဝန်ယူဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ ဦးမြင့်အောင်မိုးကပြောပါတယ်။

လူနာက မတ်လ(၂၀)ရက်နေ့က ရန်ကုန်ကနေ မန္တလေးကို ည(၁၀)ထွက်ရှိတဲ့ ခိုင်မန္တလေးယာဉ်နဲ့ လိုက်ပါစီးနင်းလာတာကြောင့် ကားဂိတ်နဲ့ ဆက်သွယ်ကာ အဲဒီနေ့ည (၁၀)နာရီထွက်တဲ့ ကားနံပတ်စာရင်းတွေကို တောင်းထားပြီး စာရင်းထွက်လာရင်တော့ လိုက်ပါလာတဲ့ သူစာရင်းတွေကို သေချာစစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကားပေါ်ပါလာသူ ခရီးသည်စာရင်းကို အတိအကျမသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က