အနံ့ပျောက်လို့ ဆေးခန်းသွားပြရာက ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မန္တလေးက ကျောက်မြေရတနာရောင်းဝယ်ရေးစခန်းတစ်ခုမှာ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ်နှစ်ဦး တွေ့ရှိခဲ့တဲ့အနက် တစ်ဦးက ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်နေမှာနေထိုင်တဲ့အသက် ၃၀အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။



အဆိုပါ ပိုးတွေ့လူနာအမျိုးသားဟာ မဟောအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပြီး အနံပျောက်လို့ ဆေးရုံသွားပြရာကနေ ရောဂါပိုးစစ်ဆေးတွေရှိခဲ့တာလို့ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ခရီးသွားရာဇဝင်တော့မရှိဘူး ပိုးတွေ့လူနာနဲ့တော့ထိတွေ့မှုရှိခဲ့တယ်လို့သိရတယ်။ အနံ့ပျောက်လို့ဆိုပြီးဆေးရုံသွားပြတယ်။ ဆေးရုံကစောင့်ကြည့်လူနာ အဖြစ်နဲ့ဓာတ်ခွဲစစ်ဆေးတာ ဒီမနက်ပိုးတွေ့တယ်လို့ထုတ်ပြန်ချက်ထဲမှာပါလာတာပါ။ အခုကတော့ သူ့မိသားစုအပါအဝင် ၆ ဦးကို ဇီးပင်ကြီးပို့ထားပြီးပါပြီ" လို့ ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ လူနာမှာပိုးတွေ့ခဲ့တဲ့ပြီးနောက် ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတွေ၊ မြို့နေလူထုတွေအကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်တဲ့ ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေအချို့မှာလည်း ဒီနေ့ နေ့လယ်မှာ ကိုယ့်သဘောဆန္ဒအရ ကွာရန်တင်းဝင်နေကြပြီလို့လည်းသိရပါတယ်။

"ကျောက်ဝိုင်းကတော့ပိတ်ထားတာပါ။ အခုပိုးတွေ့လူနာက မြင်းခြံဘက်ကအဆက်လို့လည်းသိရတယ်၊ ကျောက်ဝိုင်းပိတ်ထားပေမယ့် ဝိုင်းအနီးအနားမှာ အစုအဖွဲ့အလိုက်အရောင်းအဝယ်လုပ်နေကြတာပါ။ ဒီနေ့ဇီးပင်ကြီးမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် Q သွားဝင်တဲ့သူတွေ လေးငါးခြောက်ယောက်လောက်ရှိတယ်၊ အဲဒီထဲက Positive ထပ်တွေ့ရင်တော့ နောက်ထပ်ထွက်လာမှာတွေက နည်းမှာမဟုတ်ဘူး" လို့ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ရှိကျောက်ဝိုင်းကို ပြီးခဲ့တဲ့မတ်လအတွင်း ကိုဗစ်ရောဂါပထမအကြိမ်ဖြစ်ပွားစဉ်ကတည်းက အခုအချိန်အထိပိတ်ထားတာဖြစ်ပြီး ကျောက်သမားတစ်ချို့က ကျောက်ဝိုင်းအနီးအနားဝန်းကျင်မှာ ဝမ်းရေးအတွက်ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်ဝိုင်းနဲ့အနီးအနားဝန်းကျင်တွေကို ပိုးသတ်ဆေးဖြန်းတာတွေလုပ်ထားပြီး ပိုးတွေ့လူနာကျောက်သမားနဲ့ထိတွေ့မိသူတွေကိုလည်း အမြန်ဆုံး ကွာရန်တင်း ဝင်ပေးကြဖို့ ကျောက်ဝိုင်းတာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်း ထုတ်ပြန်တဲ့စာရင်းတွေအရ မန္တလေးတိုင်းဒေသကြီးမှာ အတည်ပြုလူ နာ ၁၀၀ နီးပါးအထိရှိနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ ၃၂၉၉ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က