အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတွေဟာ အမှားတွေသာဖြစ်ပါတယ်။
Thin Nu Swe

လူနာနံပါတ် ၁၃၂ ရဲ့သားဟာ တရုတ်ပြည်က ပြန်လာတဲ့ ကားသမားဖြစ်ပြီး လူနာနံပါတ် ၁၃၂ နေထိုင်ရာ မတ္တရာမြို့နယ် အမှတ် ၂ ကံသာရပ်ကွက် တစ်ရပ်ကွက် လုံးဟာ နိုင်ငံခြားက ပြန်လာတွေချည်းသာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝမှားယွင်းနေတဲ့ သတင်းတွေသာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် အမှတ် ၂ ကံသာရပ်ကွက် ရာအိမ်မှူးဦးခင်မောင်မြင့် က Duwun ကို ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၂၃ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာနေထိုင်သူ လူနာနံပါတ် ၁၃၂ ရဲ့ သတင်းမှားတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ တရုတ်ကနေ ပြန်လာတဲ့ သားဖြစ်သူရှိခြင်း၊ ရပ်ကွက်ထဲမှာ တရုတ်မှပြန်လာသူ အများအပြားရှိခြင်းစတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီသတင်းတွေအားလုံးက အမှားတွေဖြစ်ကြောင်း ရပ်ကွက်တာဝန်ရှိသူတွေထံကတစ်ဆင့် သိရပါတယ်။

"သူက ရောဂါဖြစ်နေတာ တစ်နှစ်ကျော်လောက်ကြာနေပြီ။ ဖေ့ဘွတ်ခ်ပေါ်မှာ တက်နေတာ သူ့သား သမီးတွေ နိုင်ငံခြားက ပြန်လာတယ်လို့ ပြောနေကြတာတွေက လုံးဝမဟုတ်ပါဘူး။ သူက အိမ်မှာပဲ နေတာ။ အဘိုးကြီး ၊ အဘွားကြီး ပဲရှိတာ။ သူက နဂိုကတည်းက ရောဂါဖြစ်နေတာ ၂၁ ရက်နေ့ကတော့ နေထိုင်လို့မကောင်းဘူးဆိုပြီး ဆေးရုံသွားတက်တာ။ ရပ်ကွက် က သေချာကြပ်မတ်ထားတာ ကျွန်တော်တို့ ရပ်ကွက်ကနေဖြစ်တာတော့ လုံးဝမဖြစ်နိုင်ဘူး ။ ဆေးရုံကတော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ရပ်ကွက်ထဲက ကူးသွားတယ်၊ ရပ်ကွက်ထဲမှာ နိုင်ငံခြားပြန်တွေ အများကြီးရှိနေတယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။"လို့ အမှတ် ၂ ကံသာရပ်ကွက်ကရာအိမ်မှူးဦးခင်မောင်မြင့်က Duwun ကို ပြောပါတယ်။

လူနာဟာ သားဖြစ်သူထံကနေ ကူးစက်တာလို့ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေပေမယ့်လည်း လူနာရဲ့ သားဖြစ်သူဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက သေဆုံးပြီး ဖြစ်တယ်လို့ သိရပါတယ်။

"သူက သားသမီး ၄ယောက် ရှိတယ်။ သားဖြစ်သူက ရှစ်တန်းကျောင်းသား ဘဝကတည်းက သေသွားတာပါ။ ဆုံးသွားတာ နှစ်ပေါင်း ၃၀ လောက်တောင် ရှိနေပါပြီ။ သမီးဖြစ်သူတွေကလည်း ဒီမှာပဲ နေကြတာပါ။ ဘယ်နိုင်ငံခြားကိုမှ မသွားကြပါဘူး။ နိုင်ငံခြားပြန်တို့ ဘာတို့ကတော့ နှစ်ယောက်လောက်ပဲရှိတာ ၊ ပြန်လာတဲ့သူတွေကိုလည်း သေချာကြပ်ကြပ်မတ်မတ် စောင့်ကြည့်ထားပြီးပါပြီ။ ဒီနိုင်ငံခြားက ပြန်လာတဲ့သူတွေကလည်း ရပ်ကွက်တွင်းက မဟုတ်ပါဘူး။ ရပ်ကွက် အပြင်ကပါ။ ဒီရပ်ကွက်လို့တော့ အမည်တပ်ထားတာပေါ့။ တကယ်တော့ ရပ်ကွက်တွင်းက မဟုတ်ပါဘူး" လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးစိုးအောင်က Duwun ကို ပြောပါတယ်။ 

သမီး ၃ ယောက်ဖခင် အသက် ၈၀ နှစ်အရွယ် လူနာနံပါတ် ၁၃၂ ဟာဆိုရင် နာတာရှည်ရောဂါ ခံစားနေရသူဖြစ်ပြီး နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံသွားပြရာကနေ COVID-19 အတည်ပြုလူနာအဖြစ် တွေ့ရှိခြင်းဖြစ်ပြီး ရပ်ကွက်အတွင်းကနေ ကူးစက်လာတာ လုံးဝမဖြစ်နိုင်ဘူး လို့ သိရပါတယ်။

အတည်ပြုလူနာနံပါတ် ၁၃၂ ရဲ့နေအိမ်ရှိရာမတ္တရာမြို့နယ် အမှတ် ၂ နယ်မြေကံသာရပ်ကွက်ကို ယနေ့မှာ လော့ဒေါင်းချလိုက်ပြီဖြစ်ပြီး ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းတွေနဲ့အတူ ရောဂါထပ်မံမပြန့်ပွားရေးအတွက် ကြပ်ကြပ်မတ်မတ် စီစဥ◌်ဆောင်ရွက်နေပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၁၃၉ ဦးရှိနေပြီဖြစ်ပြီး သေဆုံး ၅ဦးရှိနေကာ ပြန်လည်ကောင်းမွန်လာသူ ၉ ဦးရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က