loading...

loading...

loading...

မန္တလေးသင်္ကြန်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကပဲ နှစ်စဉ် ဦးဆောင်ကျင်းပခဲ့တာပါ။
Mi Thawdar Aung

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ကျင်းပနေကျဖြစ်တဲ့ မန္တလေးသင်္ကြန်အစီအစဉ်တွေကို အခုနှစ်မှာတော့ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ဒီကနေ့ တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

"ခုချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးနဲ့ ကျင်းပတဲ့ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ထုတ်ပြန်ချက်လည်း ထုတ်ပြန်လိုက်ပြီဆိုတဲ့အတွက်ကြောင့် သင်္ကြန်မှာ မန္တလေးမြို့မှာ လူစုလူဝေးနဲ့ကျင်းပတော့မှာ မဟုတ်ပါဘူး၊ အဲဒီလို ကျင်းပတော့မှာမဟုတ်တာကြောင့် မြို့တော်မဟာမဏ္ဍပ်ကိုလည်း ဒီကနေ့ကစပြီးတော့ ဖျက်သိမ်းတော့မှာဖြစ်ပါတယ်" လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

မန္တလေးသင်္ကြန် အစီအစဉ်တွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကပဲ နှစ်စဉ် ဦးဆောင်စီစဉ် ကျင်းပနေတာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကစလို့ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ တောသင်္ကြန်ညစျေး၊ တိုင်းရင်းသားသင်္ကြန်၊ ယိမ်းအကအလှပြိုင်ပွဲ သံချပ်ပြိုင်ပွဲတွေပါ တိုးချဲ့ကျင်းပလာခဲ့ကြရာမှာ ဒါတွေဟာ လူစုလူဝေးတွေဖြစ်တာကြောင့် အခုနှစ် မကျင်းပတော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

"ကျုံးဘေးမဏ္ဍပ်တွေနဲ့ တစ်ပိုင်တစ်နိုင် ရေစုပ်စက်နဲ့ ရေကစားကြတာတွေကိုလည်း ဆောင်ရွက်ပေးတော့မှာ မဟုတ်တော့ဘူး၊ တစ်ချို့က မေးကြပါတယ်၊ မိသားစုရေကစားလို့မ ရဘူးလားလို့ ဒါကတော့ လူစုလူဝေးနဲ့မဟုတ်ဘူး နောက်ပြီးတော့ ကျန်းမာရေးအရ သိပ်ပြီးတော့ ထိခိုက်အန္တရာယ် မရှိနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်ကပြောစရာမရှိပါဘူး၊ ကန့်ကွက်ဖို့အကြောင်းလည်း မရှိပါဘူး ဒါပေမယ့်လည်း လူစုလူဝေးနဲ့ အန္တရာယ်ဖြစ်လောက်တဲ့ ကျန်းမာရေးအရ အန္တရာယ်ဖြစ်လောက်တယ်ဆိုရင်တော့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ကပဲ ဒါကိုစီမံကွပ်ကွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့လည်း ၎င်းကဆိုပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့တော်ခန်းမရှေ့မှာ တည်ဆောက်လျက်ရှိတဲ့ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ဖျက်သိမ်းဖို့ဆောင်ရွက်နေပြီး ကုန်ကျစရိတ်ငွေစာရင်းရှင်းတမ်းပြုလုပ်ပြီးရင် အပြီးဖျက်သိမ်းသွားတော့မှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။



ဆက်စပ်အကြောင်းအရာများ


loading...

က္က