ဆေးရုံမှာအခြေခံလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ဆိုပါတယ်။
Mi Thawdar Aung

မန္တလေးကန်တော်နဒီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့တောင် အိမ်သာ၊ရေချိုးခန်းတွေမှာ ရေမလာတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရတယ်လို့ အဆိုပါ ဆေးရုံမှာ COVID-19 ကုသခဲ့ဖူးသူ လူနာအမှတ် (၄) ကိုကျော်လင်းထက်က  အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတင်ပြခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၈ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ COVID-19 လူနာများ Video Conferencing တွေ့ဆုံပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ အတိုင်ပင်ခံက မန္တလေးကန်တော်နဒီဆေးရုံရဲ့ လိုအပ်ချက်တွေကို မေးမြန်းရာမှာ ကိုကျော်လင်းထက်က အခုလို ပြောသွားခဲ့ပါတယ်။

မန္တလေးမှာ COVID-19 ရောဂါကို အဓိကထားကုသနေတဲ့ ကန်တော်နဒီဆေးရုံအနေနဲ့ နောက်ပိုင်းမှာ လူနာများလာရင် ပိုပြီးအခက်အခဲရှိမှာ ဖြစ်တာကြောင့် တင်ပြရတာဖြစ်တယ်လို့ လူနာအမှတ် ၄ ကိုကျော်လင်းထက် က ဆိုပါတယ်။

“ကျွန်တော်နေရတဲ့ Wardမှာ အခန်း( ၈) ခန်းရှိပါတယ်။ အခန်း(၈) ခန်းလုံးမှာ ပထမဆုံး Facility လိုအပ်ချက်လေးတွေ ရှိပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့ အိမ်သာ၊ ရချိုးခန်းတွေမှာ ရေမလာတဲ့ပြဿနာတွေရှိတယ်။ အိမ်သာဆိုလဲ ပျက်နေတယ်။ “ လိုအပ်တဲ့ပစ္စည်းပံ့ပိုးမှု အဆင့်သင့်မဖြစ်တာတွေ့ရတယ်။” လို့ လူနာအမှတ် (၄) ကိုကျော်လင်းထက်က ပြောပြပါတယ်။

ကန်တော်နဒီဆေးရုံကို မြင်တွေ့ရစဉ်။

ဒါ့အပြင် လူနာတွေရဲ့ အစားအသောက်၊ဆေးဝါးတွေကို ကျန်းမာရေးဝန်ထမ်းတွေက တစ်ဆင့်ဝယ်ယူပေးရတဲ့အခါမှာ ဝန်ထမ်းမလုံလောက်တာကြောင့် နေ့လယ်စာကို ၃ နာရီမှ စားရတဲ့အခါမျိုးတွေတောင်ကြုံခဲ့ရတယ်လို့ ကိုကျော်လင်းထက်က ဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အခုလိုတင်ပြတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒီတင်ပြချက်တွေကို ချက်ချင်း ကြည့်ပြီး ဆောင်ရွက်မှာဖြစ်ကြောင်း၊ ပြည့်ပြည့်စုံစုံပြင်ဆင်ထားဖို့ အတွက် ဆောင်ရွက်မှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

“ ဆေးရုံတစ်ခုမှာသန့်ရှင်းရေးအတွက် ရေကောင်းကောင်းရဖို့၊ မှန်မှန်ရဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒါတွေကို ချက်ချင်းကြည့်ပေးပါမယ်။ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေလဲဆိုတာ။ လူနာတစ်ယောက်က နေ့လယ် ၃ နာရီလောက်မှာ နေ့လယ်စာ စားရတယ်ဆိုတာ ဒါတော့နည်းနည်းလွန်တယ်လို့ ထင်ပါတယ်။ဝန်ထမ်းအင်အားတွေ မလုံလောက်တဲ့အခါမှာ ဘယ်လိုပုံစံနဲ့အင်အားနဲ့ ဖြည့်ပေးမလဲဆိုတာ ချက်ချင်းကြည့်ပေးမှာပါ” လို့ အတိုင်ပင်ခံက ဆိုပါတယ်။

ဒီကနေ့မှာ အတိုင်ပင်ခံအနေနဲ့ ပြန်လည်ကောင်းမွန်လာတဲ့ တီးတိန်မြို့က လူနာအမှတ် (၁) ကိုတောင်စွမ်းခိုင်၊ မန္တလေးက ပျောက်ကင်းလူနာ နံပါတ် (၄) ကိုကျော်လင်းထက်၊ ပြည်မြို့က လူနာအမှတ် (၃၀ ) မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်တို့နဲ့ တွေ့ဆုံခဲ့ပြီး လိုအပ်ချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။


Author


က္က