စိုးရိမ်ရတဲ့ဒဏ်ရာတွေတော့မရရှိပါဘူး။
Ei Ei Htun

မတော်တဆမှုအတွင်း ရုံးထုတ်ရန်တင်ဆောင်လာတဲ့ အချုပ်သား(၁၈)ဦးထဲက (၇)ဦးဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ 

မန္တလေး ၂၆လမ်း၊ ၆၅၊ ၆၆လမ်းကြားမှာ ဒီကနေ့ ဒီဇင်ဘာလ(၃)ရက်နေ့ မနက်ပိုင်းက ရုံးထုတ်ဖို့ အချုပ်သားတွေကို တင်ဆောင်လာတဲ့ အချုပ်ကားတစ်စီးဟာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိပြီး မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အခုလိုမတော်တဆမှုကြောင့် အချုပ်ကားပေါ်မှာ ပါလာတဲ့ အချုပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို အချုပ်ကားနောက်ကမောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကလည်း အချုပ်ကားနောက်ကိုဝင်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်လာတဲ့ မိန်းကလေးက ကားနဲ့ဆိုင်ကယ်ကြားမှာ ညှပ်နေခဲ့တာလည်းဖြစ်ပါတယ်။

photo-Tun Win

“ အချုပ်ကားက ကျောက်ဆည်ကနေ မန္တလေးကိုလာပြီး ရုံးထုတ်တဲ့အချုပ်သားတွေကိုတင်ဆောင်လာတာ။ ကားပေါ်မှာ အချုပ်သားအားလုံး(၁၈)ဦးပါတယ်။ (၁၈)ဦးမှာမှ အခုမတော်တဆမှုကြောင့် (၇)ဦးဒဏ်ရာရတယ်။ ဒဏ်ရာရရှိတဲ့ ရဲတပ်သားတွေတော့မရှိဘူး၊ ယာဉ်မောင်းလည်းဘာမဖြစ်ဘူး။ ကားနောက်ကဝင်တိုက်မိတဲ့ ဆိုင်ကယ်မောင်းတဲ့ မိန်းကလေးကလည်း ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ။ ဘယ်သူမှမစိုးရိမ်ရပါဘူး” လို့မန္တလေးမြို့ အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Dwuwn ကိုပြောပါတယ်။

လက်ရှိမှာတော့ မတော်တဆမှုနဲ့ ပတ်သက်ပြီး ယာဉ်မှုစစ်ကပဲ အားလုံးစစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေကတော့ မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတာပဲဖြစ်ပါတယ်။ အခုမတော်တဆမှုအတွင်းမှာတော့ ကားပေါ်ပါလာတဲ့ အချုပ်သားတွေထဲက ဒဏ်ရာရရှိတဲ့ အချုပ်သား(၇)ဦးနဲ့ ဆိုင်ကယ်မောင်းနှင်လာတဲ့ မိန်းကလေး(၁)ဦး စုစုပေါင်း (၈)ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။


က္က