‌ဈေးတွေ၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့တည်းခိုခန်းတွေကို မနက်ဖြန်ကစပြီး ယာယီပိတ်သိမ်းမှာပါ။

မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းစနေပြီလို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သတိပေးပြောကြားလိုက်ပါတယ်။

လူစုလူဝေးဖြစ်တဲ့နေရာတွေကို ယာယီပိတ်သိမ်းမှုတွေ လုပ်ဆောင်နေပြီး မန္တလေးမြို့ လမ်းပေါ်မှာ မျှော်မှန်းထားသလောက်လူတွေ နည်းမသွားသေးတာကိုတွေ့နေရတာကြောင့် လုံး၀ Lock Down မလုပ်စေချင်ရင် စည်းကမ်းလိုက်နာပေးကြဖို့ မြို့တော်ဝန်က တိုက်တွန်းရေးသားထားတာပါ။



“ဒုတိယလှိုင်းက ပိုကြောက်စရာကောင်းတယ်ဆိုတာ ရခိုင်နဲ့ ရန်ကုန်က သက်သေပြသွားပါပြီ။ Total Lockdown မလုပ်စေချင်ရင် စည်းကမ်းလိုက်နာပေးကြပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးမှ ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်မှာပါ” လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မန္တလေးမြို့နေပြည်သူတွေကို သတိပေးပြောကြားထားတာပါ။

ပိုးတွေ့လူနာ (၆) ယောက်အလုပ်လုပ်တဲ့ မန်းမြန်မာပလာဇာအပါအဝင်၊ ဈေးချို၊ တိုက်တန်းကြီး၊ ဈေးချိုပလာဇာ၊ ရတနာပုံဈေးနဲ့ အမရပူရ နန်းရတနာကပ်ကျော်ဈေးတွေကိုလည်း ပစ္စည်းတွေ သိမ်းခိုင်းပြီးတော့ မနက်ဖန်ကစပြီး ယာယီပိတ်ထားခိုင်းပြီလို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

လက်ရှိမှာ မန္တလေးမြို့ရှိ ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာတို့ကို စက်တင်ဘာ ၁၃ရက်ကစပြီး ယာယီပိတ်သိမ်းဖို့လည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ မန္တလေးအဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောပါတယ်။ 

ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ ဒီနေ့ စက်တင်ဘာ ၁၂ ရက် ညနေ (၅) နာရီအထိ ပစ္စည်းသယ်ယူခွင့်ပေးထားပြီး ပြန်ဖွင့်မယ့်ရက်ကို ပြန်လည်ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ဘီယာဆိုင်တွေကိုလည်း ဆိုင်ထိုင် စားသောက်ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်နဲ့သာ ပြန်လည်ရောင်းချဖို့ မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားထားပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကလည်း စာထုတ်အကြောင်းကြားဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

ဒ့ါ့အပြင် စည်ပင်လိုင်စင်နဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊မိုတယ်၊တည်းခိုခန်းတွေနဲ့ အင်းတွေကိုလည်း စတင်ပိတ်သိမ်းမှာဖြစ်သလို ခရီးသည်တင်လိုင်ကားတွေကိုလည်း ပိတ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း မနေ့ စက်တင်ဘာ (၁၁) ရက်အထိ ပိုးတွေ့လူနာ (၈၈) ယာက်ရှိနေပြီး မန္တလေးမြို့တွင်းမှာတော့ အောင်မြေသာစံမြို့နယ်မှာ ၃ ယောက်၊ ချမ်းအေးသာဇာမြို့နယ်မှာ ၅ ယောက်၊ မဟာအောင်မြေမြို့နယ်မှာ ၂ ယောက်၊ ချမ်းမြသာစည်မြို့နယ်မှာ ၃ ယောက်၊ အမရပူရမြို့နာ်မှာ ၁၀ ယောက်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ ၃ ယောက် ပါဝင်နေတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ပိုးတွေ့ခဲ့တဲ့ မန်းမြန်မာပလာဇာ အလှကုန်စတိုးဆိုင်ကဝန်ထမ်း အမျိုးသမီးနဲ့ ဆက်စပ်ထိတွေ့သူက အများဆုံးဖြစ်နေပြီး လက်ရှိမှာ အဆိုပါ ဝန်ထမ်းအမျိုးသမီးနဲ့ ဆက်စပ်ထိတွေ့လို့ ကွာရန်တင်းဝင်ထားရသူ ၁၂၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က