သစ်ပင်ကြီးတွေ၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေဖြစ်ခဲ့ပြီး အပျက်အစီးများပြားခဲ့ပါတယ်။
Mi Thawdar Aung

မန္တလေးတိုင်းမှာ ဒီကနေ့ မေလ ၁၁ ရက် မွန်းလွဲ ၂ နာရီလောက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ချမ်းအေးသာစံမြို့နယ်မှာ သစ်ပင်လဲကျခဲ့မှုကြောင့် လူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်မှာ ဒုအုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်က Duwun ကိုပြောပါတယ်။

“ ကျား ၁ ဦး ၊ မ ၁ ဦး ဒဏ်ရာရတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ မန္တလေး ဆေးရုံကြီးကိုပို့ဆောင်လိုက်ပါတယ်။ ဒဏ်ရာအခြေအနေကတော့ မသိရသေးပါဘူး” လို့ ဦးရာဇာမြင့်က ဆိုပါတယ်။

Photo- မိုးသက်လေပြင်းများကျပြီးနောက် မန္တလေးမြို့ အခြေအနေ

အဆိုပါ မိုးသက်လေပြင်းကျခဲ့မှုကြောင့် မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်ဘုရားရှိ စိန်ဖူးတော်မှာလည်း ပြုတ်ကျပျက်စီးခဲ့ပြီး ဓာတ်တိုင်တွေပြိုလဲတာ၊ အဆောက်အဦးအချို့ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မန္တလေးတောင်တော် ဂေါပကအဖွဲ့မှ ဦးသိန်းအောင်က ပြောပါတယ်။

“ စိန်ဖူးတော် ၂ လုံးပြုတ်ကျပျက်စီးခဲ့တယ်။ သစ်ပင်တွေလဲတာ၊ ဓာတ်တိုင်တွေ ပြိုတာတွေလည်းရှိတယ်။ လျှပ်စစ်မီးတွေလည်း ပြတ်သွားတယ်။ အခုတော့ လာရောက်ပြုပြင်နေပါပြီ” လို့ ဆိုပါတယ်။

မန္တလေးတစ်မြို့လုံးက နေရာအများစုမှာ ဒီကနေ့ မွန်းလွဲပိုင်းက မိုးကြီးပြီး နာရီဝက်ကြာအောင် လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ အောင်မြေသာစံမြို့နယ်တစ်ခုထဲမှာတင် ဓာတ်တိုင်ပေါင်း ၃၀ ခန့်ပြိုလဲပျက်စီးခဲ့ပြီး ကျန်မြို့နယ်တွေမှာလည်း ဓာတ်တိုင်တွေ၊ သစ်ပင်ကြီးတွေ နဲ့ဘုန်းကြီးကျောင်းဝင်းအုတ်နံရံတွေပါပြိုလဲခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အန္တရာယ်ရှိနိုင်တဲ့ရပ်ကွက်တော်တော်များများကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားပြီး မြို့ရဲ့အဓိကကျတဲ့ လမ်းမကြီးတွေပေါ်မှာပြိုလဲကျနေတဲ့ သစ်ပင်နဲ့ဓာတ်တိုင်တွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်နေကြပါတယ်။

မိုးလေဝသနဲ့ဇလေဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတိပေးထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ဒေသတစ်ချို့မှာလည်း မိုးသက်လေပြင်းနဲ့အတူ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။ မနက်ဖြန်မေလ ၁၂ ရက်မနက်ပိုင်းအထိမန္တလေးတိုင်းဒေသကြီးအတွင်းမှာ နောကွက်ကြားမိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်းရှစ်ဆယ်အထိရှိနိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က