မန္တလေးမှာ ပိုးတွေ့လူနာ သုံးဦးရှိခဲ့ပြီး သုံးဦးစလုံး ရောဂါပိုးကင်းစင်ခဲ့ပြီဖြစ်ပါတယ်။

မန္တလေးက COVID 19 အတည်ပြုလူနာ သုံးဦးထဲက နောက်ဆုံး ကျန်ရှိနေတဲ့ လူနာနံပါတ် (၈၂)မှာလည်း ရောဂါပိုးမတွေ့ရှိရတော့ဘူးလို့ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ မန္တလေးက လူနာနံပါတ် (၈၂) လည်း နှစ်ကြိမ်ဆက်တိုက် Negative ပြတာကြောင့် ရောဂါပိုးကင်းစင်သူဖြစ်လာပါပြီ။ လူနာနံပါတ် (၈၂)က မန္တလေးမြို့ရဲ့ နောက်ဆုံးကုသမှုခံယူနေတဲ့ COVID-19 လူနာဖြစ်တာကြောင့် အခုဆိုရောဂါပိုး ပျောက်ကင်းသွားပြီဖြစ်လို့ မန္တလေးမှာ COVID 19 အတည်ပြုလူနာ တစ်ဦးတစ်ယောက်မှမရှိတော့ပါဘူး။



" လူနာ နံပါတ်(၈၂)ကလည်း နှစ်ကြိမ်ဆက်တိုက် negative ပြလို့ ဒီကနေ့ ညနေလေးနာရီကပဲဆေးရုံကဆင်းသွားပါပြီ။ နဒီမြန်မာဟိုတယ်မှာ Quarantine (၂)ပတ်ဆက်နေပါမယ်" လို့ အောင်မြေသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက Duwun ကိုပြောပါတယ်။

မန္တလေးက လူနာ သုံးဦးက လူနာနံပါတ်(၄)၊ လူနာနံပါတ် (၁၃၂)နဲ့ (၈၂)တို့ဖြစ်ပါတယ်။ လူနာနံပါတ်(၄)နဲ့ (၁၃၂)က ရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းခွင့်ရရှိထားပြီးဖြစ်ပါတယ်။ 

လူနာနံပါတ် (၈၂)ကိုတော့ ငါးကြိမ်ဆက်တိုက် ဆေးစစ်ဆေးရာမှာ လေးကြိမ်မြောက်နဲ့ ငါးကြိမ်မြောက်မှာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိရတော့တာပါ။ လူနာနံပါတ် (၈၂)က အသက်(၃၈)နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး တူရကီကနေပြန်လာသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၈၀)ဦးရှိပြီး ရောဂါကင်းစင်သူ (၇၆)ဦးမှာ (၆၄)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားကာ သေဆုံးသူက (၆)ဦးရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က