မနက်ဖြန်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ယာယီပိတ်ထားခဲ့တဲ့ မန္တလေးမြို့က ရွှေဆိုင်တွေအနေနဲ့ မေလ ၁၆ ရက်နေ့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်သွားကြရမှာပဲဖြစ်ပြီး လူရှုပ်ထွေးမှု မရှိစေဖို့အတွက်ကိုတော့ ဝန်ထမ်းအင်အားထက်ဝက်လောက်နဲ့သာ ဖွင့်လှစ်လုပ်ကိုင်သွားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတယ် လို့သိရပါတယ်။

ရွှေဆိုင်အငယ်တွေအနေနဲ့တော့ အများကြီး ပြဿနာမရှိနိုင်တဲ့အတွက် လူစုလူဝေးဖြစ်ပေါ်နိုင်တဲ့ ရွှေဆိုင်အကြီးတွေအနေနဲ့တော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ မန္တလေးတိုင်းဒေသကြီးအစိုးရက ဖွင့်လှစ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။



"ရွှေဆိုင်တွေကို အကြီးတွေရော ၊ အသေးတွေရော ဖွင့်ခွင့်ပေးလိုက်တယ်ဆိုပေမယ့် ရွှေဆိုင်အကြီးတွေကိုတော့ ပိုပြီး ဂရုစိုက်ရမှာပေါ့။ အောင်သမာဓိတို့၊ ဝိန့်စိန်တို့၊ ဇွဲထက်တို့ ၊ သီရိရွှေစင်တို့ ၊ မေတ္တာရွှေဆိုင်တို့ အများကြီးပဲပေါ့။ အဲဒီရွှေဆိုင်ကြီးတွေကို အဓိကထားတယ်။ ရွှေဆိုင်အကြီးတွေက လူတအားများတယ်။ ရွှေဆိုင်အသေးတွေကတော့ လူနည်းတော့ သိပ်ပြဿနာမရှိဘူးပေါ့။ ဖွင့်ခွင့်ပေးတာကတော့ အားလုံးကို ဖွင့်ခွင့်ပေးတာပါ" လို့ မန္တလေးတိုင်းဒေသကြီးရွှေဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်း က Duwun ကို ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်ရောဂါပြဿနာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း တော်တော်များများရပ်ဆိုင်းခဲ့ရတာမှာ ရွှေဆိုင်လုပ်ငန်းတွေလည်းပါခဲ့ပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ကျရောက်စအချိန်မှာ မြန်မာ့ရွှေစျေးက အတက်ဘက်ကိုဦးတည်နေပေမယ့်လည်း စီးပွားရေး ကမောက်ကမဖြစ်မှုတွေကြောင့် ရွှေစျေးထိုးကျသွားခဲ့တယ်လို့သိရပါတယ်။

"ကျွန်တော်တို့ဆီကို လာမယ့်လူတွေက ဝယ်ချင်တဲ့သူထက် ရောင်းချင်တဲ့သူက ပိုများမှာပါ၊ အဲဒါကြောင့် ကျွန်တော်တို့က လက်ရှိဝန်ထမ်းကို တစ်ဝက်ဝက်မယ်၊ တစ်ဝက်ဝက်ပြီး တစ်ဝက်ဆင်း တစ်ဝက်နားပုံစံနဲ့ အလှည့်ကျ ဆင်းခိုင်းမှာပါ။ အဲဒီပုံစံမျိုးနဲ့ ဆိုင်ပြန်ဖွင့်ဖို့ ပြင်ဆင်ထားပါတယ်" လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးမော်မော်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ယာယီပိတ်ထားရတဲ့ရွှေဆိုင်တွေပြန်လည်ဖွင့်လှစ်ရောင်းချသွားကြတော့မှာပဲဖြစ်ပြီး မနက်ဖြန်အမီဖွင့်လှစ်ရောင်း ချနိုင်ဖို့အတွက်ကိုလည်း မန္တလေးမြို့ထဲကရွှေဆိုင်တော်တော်များများ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က