မန္တလေးပြည့်သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာ ဒေါ်စုစုဒွေးက လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်ပြီးရှင်းခဲ့တာပါ။
Thin Nu Swe

မန္တလေးပြည့်သူ့ဆေးရုံကြီးမှာ ဧပြီလ ၂၄ ရက်နေ့က တစ်နေ့တည်း COVID-19 သံသယစောင့်ကြည့်လူနာ ၇ ဦး သေဆုံးသွားခဲ့ပြီး သေဆုံးခဲ့တဲ့လူနာ(၇)ဦးစလုံးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ မန္တလေးပြည့်သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာ စုစုဒွေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်ပြီးဖြေရှင်းခဲ့ပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ သေဆုံးသွားသူ စောင့်ကြည့်သံသယလူနာ (၇) ဦးဟာ နာတာရှည်ရောဂါ ခံစားနေကြသူတွေ ၊ အဆုတ်ယောင်ရောဂါ ခံစားနေရသူတွေ နဲ့ ပြင်းထန်ရောဂါအခံရှိနေကြသူတွေ ဖြစ်ကြတယ်လို့ ဆေးရုံအုပ် ဒေါက်တာ စုစုဒွေးက ဆိုပါတယ်။ တစ်နေ့တည်း သေဆုံးခဲ့တဲ့ လူနာ (၇) ယောက်က‌တော့ အောင်မြေသာစံ၊ ပြင်ဦးလွင်၊ သပိတ်ကျင်း မတ္တရာ၊ ကောလင်း၊ တန့်ဆည်မြို့တွေက ဖြစ်ပြီး အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦးဖြစ်တယ်လို့ သိရပါတယ်။  

"သေဆုံးသွားကြသူတွေက ပြင်းထန်ရောဂါအခံရှိကြသူတွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ဆေးရုံကို ရောက်ရှိလာကြတာပါ။ မနေ့က သေဆုံးသွားကြသူတွေထဲက ၄ ဦးရဲ့ အဖြေဟာ ရောဂါပိုးမတွေ့ရှိပါဘူး၊ လူနာ ၄ ဦးရဲ့ ဆေးစစ်ချက် အဖြေဟာ Negative ဖြစ်ပြီး ကျန်လူတွေရဲ့ ဆေးစစ်ချက်အဖြေတွေက စောင့်နေဆဲပါ " လို့ ဆေးရုံအုပ်ဒေါက်တာစုစုဒွေးက ပြောပါတယ်။

မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာ COVID-19 ရောဂါ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုခံယူနေသူတွေဟာ ဒီကနေ့အထိ ၃၂၅ ဦးရှိနေပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၂ ဦးတည်းရှိသေးကာ ဆေးရုံက ဆင်းသွားခဲ့သူဟာ ၁၆၇ ဦးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် အလွန်အမင်း ကြောက်ရွံ့မနေဘဲ ရောဂါပိုး မကူးစက်အောင် ဂရုတစိုက် ကာကွယ်ကြဖို့ ဆေးရုံအုပ်ဒေါက်တာစုစုဒွေးက တိုက်တွန်းပြောဆိုထားပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ COVID-19 ရောဂါအတည်ပြုလူနာ သုံး ဦးရှိပြီး တစ်ဦးကတော့ ရောဂါသက်သာသွားတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က