ဆက်လက် ဆန္ဒပြသွားမည်ဟုဆို
Mi Thawdar Aung

Food Court တည်ဆောက်ခွင့်ပြုမှုကြောင့် မန္တလေးတက္ကသိုလ်ပါချုပ်ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ရာ ပညာရေးဝန်ကြီးဌာနက မဆီလျော်တဲ့ အကြောင်းပြချက်တွေနဲ့ အချိန်ဆွဲနေပြီး ဘက်လိုက်နေသည်မှာ သိသာထင်ရှားနေကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

food court တည်ဆောက်မှုကြောင့် ဆန္ဒပြလှုပ်ရှားမှု လုပ်ခဲ့ကြစဉ်။

ပညာရေးဒုဝန်ကြီးအဖွဲ့ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပါမောက္ခချုပ်ကို စစ်ဆေးရာမှာ နှစ်လကျော်တဲ့အထိ တိကျတဲ့အဖြေမထွက်သေးတာကြောင့်သပိတ်မှောက်ကျောင်းသားတွေက ပြင်းထန်တဲ့လှုပ်ရှားမှု ဆက်လုပ်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီဝင် မယမင်းသူက Duwun ကို ပြောပါတယ်။

“စုံစမ်းနေစဉ်ကာလအတွင်း ပါချုပ်ကိုရာထူးက ယာယီရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် မလုပ်ပေးခဲ့ပါဘူး။ အခုလည်း စစ်ဆေးမှုကို နိုဝင်ဘာလကုန်ထိ စောင့်မယ်ဆိုပြီး ကြေညာထားတယ်။ ဒီကိစ္စမှာ ပညာရေးဝန်ကြီးဌာနဘက်က အချိန်ဆွဲထားတယ်လို့ ညီမတို့ ထင်မြင်မိပါတယ်။” လို့ မယမင်းသူက Duwun ကိုပြောပါတယ်။

ဝန်ကြီးဌာနက ပါမောက္ခချုပ်ကို အကာအကွယ်ပေးနေတဲ့လုပ်ရပ်တွေကြောင့် မှန်ကန်တဲ့ အဖြေရလဒ်မျိုးမရရှိဘဲ ပါမောက္ခချုပ်က ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေ ဆက်လက်ကျုးလွန်မှာကို ကျောင်းသားထုတွေက စိုးရိမ်နေကြတယ်လို့ သပိတ်ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုဝင်ဘာလကုန်အထိ မှန်ကန်တိကျတဲ့ အဖြေရလဒ်မဟုတ်ပါက ပြင်းထန်တဲ့လှုပ်ရှားမှု တစ်စုံတစ်ရာ လုပ်သွားမယ်ဆိုပြီး ကြေညာထားပါတယ်။

အဆိုပါ ကြေညာချက်ကို နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပညာရေးဝန်ကြီး၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနတွေကို လိပ်မူပေးပို့ထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဒီအမှုကို စစ်ဆေးပြီး သမ္မတရုံးဝန်ကြီးဌာနကို တင်ပြထားပြီးဖြစ်တဲ့အကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သပိတ်မှောက်ကျောင်းသားတွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းဟာ သမ္မတညွှန်ကြားချက်ကို ချိုးဖောက်ပြီး သူနဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင်ကို Food Court လုပ်ပိုင်ခွင့်ပေးထားခြင်းကို အရေးယူပေးဖို့ သပိတ်မှောက်ကျောင်းသားတွေက တင်ပြခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာ (၇) ရက်နဲ့ (၈) ရက်တို့မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။


က္က