ချမ်းမြသာစည်မြို့နယ်မှာ စတင်တပ်ဆင်မှာပါ။
Mi Thawdar Aung

ယခင်က ချမ်းမြသာစည်တစ်မြို့နယ်တည်းက လမ်းအမည်ဆိုင်းဘုတ်တွေကို နံပတ်စဉ်တွေပါဝင်တဲ့ Zip Code တပ်ဆင်ဖို့ စီစဉ်ထားပေမယ့် အလှူရှင်တွေရဲ့ လှူဒါန်းမှုကြောင့် တစ်မြို့လုံးကို တပ်ဆင်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။

Photo- Ye Lwin (ဆိုင်းဘုတ်တပ်ဆပ်မည့်ပုံစံကိုတွေ့ရစဉ်။)

“အရင်ကတော့ အလှူရှင်နည်းမယ်ထင်လို့ ချမ်းမြသာစည်မြို့ကိုပဲ ဦးစားပေးလုပ်မယ်လို့ စဉ်းစားတာပါ။ အခုက အလှူရှင်တွေ ဝိုင်းလှူကြတာ နှစ်ရက်တည်းနဲ့တင်ပြည့်သွားတယ်။ အခုကတော့ တိုင်တွေ တောက်လျှောက်ထောင်နေပါပြီ။ ဘယ်ရက်ပြီးမလဲဆိုတာတော့ တိတိကျကျမပြောနိုင်သေးဘူး“ လို့ ကော်မတီဝင် ဦးရဲမြတ်သူက Duwun ကိုပြောပါတယ်။

မန္တလေးတစ်မြို့လုံးအတွက် လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ဖို့ တိုင်ပေါင်း (၁၅၀၀၀) ကျော်စိုက်ထူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အိမ်လိပ်စာတွေကို အလွယ်တကူရှာဖွေနိုင်အောင် လမ်းနံပတ်၊ အိမ်နံပတ်နဲ့ Zip Code တွေ စနစ်တကျဖြစ်စေဖို့ အတွက် ကွင်းဆင်းလေ့လာစစ်ဆေးမှုတွေကို Urban Planning Unit က ၂၀၁၈ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့တာပါ။

မန္တလေးမြို့မှာ လမ်းအမည်တူတာတွေ၊ လမ်းတစ်ခုတည်းကို နာမည်နှစ်မျိုး၊ သုံးမျိုးရှိနေတာတွေကြောင့် နေရာရှာရာမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ Digital လိပ်စာမရှိဘဲနဲ့ E-commerce လုပ်လို့မရနိုင်ဘူး။ App တွေနဲ့ ကားဌားမယ်ဆိုရင်လည်း ကိုယ့်အိမ်နေရာကို ထောက်လို့မရဘူး။ Zip Code လေးရိုက်လိုက်တာနဲ့ ကိုယ့်အိမ်လိပ်စာကိုတွေ့ရတာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ အဲဒါကြောင့် မန္တလေးမှာ အရင်စလုပ်တာပါ” လို့ မန္တလေးစည်ပင်ကော်မတီဝင် ဦးရဲမြတ်သူက Duwun ကိုပြောပါတယ်။

လက်ရှိတော့ အရှုပ်ထွေးဆုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်မှာ လမ်းညွှန်ဆိုင်းဘုတ်တွေ စတင်စိုက်ထူနေပြီး တိုင်တစ်တိုင်ရဲ့ ကုန်ကျစရိတ်မှာ တိုင်၊ လမ်းညွှန်၊ ကြော်ငြာနဲ့ footing အပါအဝင် မြေကျင်းတူးခနဲ့ တိုင်စိုက်အပြီးအစီး ၆သောင်းကုန်ကျမယ်လို့သိရပါတယ်။


က္က