မြစ်ဆုံဆည်စီမံကိန်းကို ထာဝရရပ်ဆိုင်းဖို့ ပြောဆိုထားပါတယ်။

ကချင်ပါတီမှ တာဝန်ရှိသူတွေနဲ့ တရုတ်သံအမတ်တို့ တွေ့ဆုံစဉ်မှာ တရုတ်သံအမတ်ကသာ မြစ်ဆုံဆည်ဆောက်ရေးကို အရေးကြီးတယ်လို့ ပြောခဲ့တာဖြစ်ပြီး ကချင်တိုင်းရင်းသားပါတီတွေမှ တာဝန်ရှိသူတွေကတော့ သူ့ရဲ့ပြောဆိုချက်ကို သဘောမတူခဲ့ဘူးလို့ KSDP ဥက္ကဌ ဒေါက်တာတူးဂျာက Duwun ကို ဇန်နဝါရီ ၁၅ ရက်နေ့က ပြောပါတယ်။



Photo - WiKiPedia

"ကျွန်တော်တို့နဲ့ ဆွေးနွေးတဲ့အခါ သူက ဒီမြစ်ဆုံစီမံကိန်က အရေးကြီးတယ်လို့ပြောခဲ့ပေမယ့် ကျွန်တော်တို့ဖက်က သဘောမတူခဲ့ပါဘူး။ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်က ကျွန်တော်တို့နဲ့ ဆွေးနွေးတဲ့ထဲမှာ မပါတာတွေပြောထားတာပါ။" လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ KDP ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) တို့မှ ဥက္ကဌ ၃ ဦးနဲ့ သီးသန့်စီ တွေဆုံခဲ့ပါတယ်။


ကချင်ပြည်နယ်သို့ သံအမတ်ကြီး သွားရောက်တဲ့ခရီးစဉ်အကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့်အဖွဲ့အစည်းများဖြစ်ကြောင်း ကချင်ပြည်နယ် နိုင်ငံရေးပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများက ပြောတယ်လို့ ရေးသားထားပါတယ်။

ဒါကြောင့် ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပါတီ ၃ ခုမှ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး တရုတ်သံရုံးရဲ့ ပြောဆိုချက်ကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ ကချင်ပါတီတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းထားဖို့ပဲ ဆန္ဒရှိပြီး ဆက်လက်ကန့်ကွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာတူးဂျာက Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က