၆ လအတွင်း ဧရာဝတီလင်းပိုင် ၄ ကောင်သေဆုံးခဲ့ပါတယ်။
Mi Thawdar Aung

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စိန်ပန်းကုံးကျေးရွာ ရေပြင်မှာ ရှားပါးဧရာဝတီ လင်းပိုင်သားပေါက်တစ်ကောင် ဇွန်လ ၂၇ ရက်မနက်ပိုင်းက သေဆုံးသွားခဲ့တယ်လို့ သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) မှ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ လင်းပိုင်ဟာ အသက် ၁ လသာရှိသေးတဲ့လင်းပိုင်သားပေါက်ကောင် (အမ)ဖြစ်ပြီး ငါးဖမ်းဘက်ထရီရှော့နဲ့ ထိတွေ့စဉ် မရှောင်တိမ်းနိုင်တာနဲ့ ခံနိုင်ရည်အားမရှိတာကြောင် သေဆုံးသွားခဲ့တယ်လို့ သုံးသပ်ကြောင်း WCS Myanmar က ထုတ်ပြန်ထားပါတယ်။

Photo- WCS Myanmar

“ လင်ပိုင်းသေဆုံးရခြင်းအကြောင်းရင်းတွေက အသက်ကြီးပြီး ဓမ္မတာအတိုင်းသေတာရယ်၊ ပိုက်ညိပြီးသေတာရယ်၊ ဘက်ထရီရှော့တွေကြောင့် သေတာရယ်ဆိုပြီး ၃ မျိုးသတ်မှတ်တယ်။ အခု သေဆုံးခဲ့တဲ့လင်းပိုင်ကောင်ငယ်လေးက တရားမဝင် ဘက်ထရီရှော့တိုက် ငါးလုပ်ငန်းတွေကြောင့် ရှော့စက်ကွင်းမိပြီး သေဆုံးခဲ့တာပါ။ “ လို့ ငါးလုပ်ငန်းဦးစီးဌာန ပတ်ဝန်းကျင်နဲ့ မျိုးသုဉ်းရှားပါးရေးသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ ဒုတိယဦးစီးမှူး ဦးဇော်မန်းက Duwunn ကိုပြောပါတယ်။

လင်းပိုင်သားပေါက်ကောင်သေဆုံးခဲ့တဲ့ နေရာဟာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးစခန်းဧရိယာအတွင်းမှာ ဖြစ်ပြီး အခုသေဆုံးခဲ့တဲ့ လင်းပိုင်ကျက်စား မလှမ်းမကမ်းမှာ ငါးဖမ်းရှော့လှေ တွေကို တွေ့ရလို့ ဒေသခံကင်းလှည့်အဖွဲ့က ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ ၂၀၂၀ ဇန်နဝါရီလကနေ ဇွန်လအထိ ဧရာဝတီမြစ်အတွင်း မန္တလေး- ဗန်းမော် လင်းပိုင်ထိန်းသိမ်းရေးဧရိယာ အတွင်း ရှားပါးဧရာဝတီလင်းပိုင် ၄ ကောင် အထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Photo- WCS Myanmar

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာတော့ ၅ ကောင် သေဆုံးခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ပတ်ဝန်းကျင်နဲ့ မျိုးသုဉ်းရှားပါးရေးသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ ဒုတိယဦးစီးမှူး ဦးဇော်မန်းက ဆိုပါတယ်။  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းတွေအရတော့ ဧရာဝတီမြစ်အတွင်း လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းမှာ လင်းပိုင်အကောင်ရေ ၇၉ ကောင် ကျင်လည်ကျက်စားနေတယ်လို့လည်းသိရပါတယ်။


Author


က္က