မန္တလေးနန်းမြို့ မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲမှာပြုလုပ်ခဲ့တာပါ။

မင်းတုန်းမင်းတရားကြီးနတ်ပြည်စံသက်တစ်နှစ်ပြည့်မြောက်ချိန်ကစလို့ နတ်ပြည်စံသက်နှစ်ပတ်လည်အခမ်းအနားတွေကို သီပေါဘုရင်ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆွေတော်မျိုးတော်၊ နန်းတွင်းသူနန်းတွင်းသားတွေနဲ့မှူးကြီးမတ်လျာတွေဟာ နန်းတွင်းထဲမှာ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားတွေကိုပြုလုပ်ခဲ့တာပါ။

ရတနာပုံမြို့တည်နန်းတည်၊ ပဉ္စမသင်္ဂါယနာတင်ဘုရင်၊ မင်းတုန်းမင်းတရားကြီးရဲ့ နတ်ပြည်စံသက် ၁၄၁ နှစ်မြောက် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနဲ့ သက်တော်ကြီးဝါတော်ကြီးဆွေတော်မျိုးတော်တွေပူဇော်ကန်တော့ခြင်းအခမ်းအနားကို မန္တလေးနန်းမြို့ မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

မင်းတုန်းမင်းတရားကြီးရဲ့အနွယ်တော် မျိုးဆက်သစ်ဆွေတော်မျိုးတော်တွေနဲ့ဖွဲ့စည်းထားတဲ့ ကုန်းဘောင် ဆက်မောင်နှမများအဖွဲ့ရဲ့ကြိုးပမ်းဆောင်ရွက်မှုနဲ့ ရွှေနန်းတော်ကြီးထဲ တခမ်းတနားကျင်းပခဲ့ကြတာပဲဖြစ်ပြီး ဆဌမအကြိမ်မြောက်အဖြစ်နဲ့ မြန်မာတစ်နိုင်ငံလုံးကသက်တော်ကြီးဝါတော်ကြီး ဆွေတော်မျိုးတော် (၉၆) ပါးကို ပါ ပင့်ဖိတ်ပူဇော်ကန်တော့ခဲ့ကြတာပါ။

အခမ်းအနားမှာ မင်းတုန်းမင်းတရားကြီးရဲ့မြစ်တော်၊ အိမ်ရှေ့စံကနောင်မင်းရဲ့မြစ်တော်၊ မင်းတုန်းမင်းတရား ကြီးရဲ့တီတော်၊ အိမ်ရှေ့စံကနောင်မင်းရဲ့တီတော်တွေပါဝင်တဲ့ ဆွေတော်မျိုးတော်တွေအပြင် ၎င်းတို့နဲ့ ဆက်နွယ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်တို့က စော်ဘွားအဆက်အနွယ်တွေလည်းတက်ရောက်ခဲ့ကြ ပါတယ်။

“ မင်းတုန်းမင်းတရားကြီးနတ်ပြည်စံသက် မတကဘက်ဆွမ်းကပ်လှူဒါန်းခြင်းနဲ့ သက်တော်ကြီးဝါတော်ကြီးဆွေတော်မျိုးတော်တွေပူဇော်ကန်တော့ခြင်းအခမ်းအနားကို ၂၀၁၅ ခုနှစ်ကစပြီး ကုန်းဘောင်ဆက်မောင်နှမများအဖွဲ့ရဲ့ကြိုးပမ်းဆောင်ရွက်မှုနဲ့ ကျင်းပနိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲမှာမဟုတ်ဘဲ မန္တလေးတောင်ခြေအနီးက မဟာဓမ္မိကာရာမရွှေကျင်တိုက်မ ကြီးထဲမှာကျင်းပခဲ့ကြတာ” လို့ ကုန်းဘောင်ဆက်မောင်နှမအဖွဲ့ ထိပ်တင်အောင်က Duwun ကိုပြောပါတယ်။ 

မင်းတုန်းမင်းတရားကြီးနတ်ပြည်စံသက်တစ်နှစ်ပြည့်မြောက်ချိန်ကစလို့ နတ်ပြည်စံသက်နှစ်ပတ်လည်အခမ်းအနားတွေကို သီပေါဘုရင်ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆွေတော်မျိုးတော်၊ နန်းတွင်းသူနန်းတွင်းသားတွေနဲ့မှူးကြီးမတ်လျာတွေဟာ နန်းတွင်းထဲမှာ မတကဘက်ဆွမ်းဆက်ကပ်လှူဒါန်း အမျှဆက်သတဲ့အခမ်းအနားတွေကျင်းပခဲ့ကြတယ်၊ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်ပိုင်းမှာလည်း မန္တလေးမှာကျန်ရှိခဲ့ကြတဲ့မိဖုရား၊ သားတော်သမီး တော်၊ ဆွေတော်မျိုးတော်တွေနဲ့မှူးဟောင်းမတ်ဟောင်းတွေက မင်းတုန်းမင်းတရားကြီးရဲ့အုဋ်နန်းပြဿာဒ်တော်အနီးမဏ္ဍပ်ထိုးပြီး မတကဘတ်ဆွမ်း ဆက်ကပ်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနှစ် ၁၂၄၀ ခု၊ သီတင်းကျွတ်လဆန်း(၆)ရက်နေ့မှာ နတ်ပြည်စံတော်မူသွားတဲ့ မန္တလေးရတနာပုံမြို့နန်းတည်၊ ပဉ္စမသင်္ဂါယနာတင်ဘုရင် မင်းတုန်းမင်းတရားကြီးဟာ ဒီကနေ့သီတင်းကျွတ်လဆန်း(၆)ရက်နေ့မှာ နတ်ပြည်စံသက်(၁၄၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နတ်ပြည်စံမင်ရည်မှန်းလှူဒါန်းတဲ့အစီအစဉ်ကိုးတုန်းမင်းတရားကြီးအတွက် ဟိုအရင်ဆွေတော်မျိုးတော်တွေစီစဉ်ကျင်းပခဲ့ကြတဲ့အစဉ် အလာအတိုင်းပဲကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး မန္တလေးလေးပြင်လေးရပ်က ဆရာတော်သံဃာတော် ၆၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းတာတွေ၊ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကို ဧည့်ခံကျွေးမွေးတဲ့အစီအစဉ်တွေနဲ့ကျင်းပ ပြုလုပ်ခဲ့ကြတာပါ။ အဲဒီနောက်မှာမှ သက်တော်ကြီးဝါတော်ကြီးဆွေတော်မျိုးတော် ၉၆ ပါးကိုပူဇော်ကန်တော့တဲ့အခမ်းအနား ဆက်လက်ကျင်းပခဲ့ကြတာပါ။





က္က