ဒီကနေ့ မနက်(၉)နာရီက ဖြစ်ပွားခဲ့တာပါ။
Ei Ei Htun

တရားခံက တောင်ငူတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေခါနီး မုံရွာမှာရှိတဲ့ သူ့အဖေဆီအလည်လာတာ။ သူတို့နေတဲ့နားက ဘုရားမှာ စာသွားကျက်ရင်း ဘုရားကိုလာဆော့နေတဲ့ ကလေးတွေထဲက တစ်ယောက်ကိုအခုလိုလုပ်မိသွားတာဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းမှ စခန်းမှူးက ပြောပါတယ်။ 

photo-မောင်ကြီးငယ်ငယ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာ ဒီကနေ့ စက်တင်ဘာလ (၂၂)ရက်နေ့ မနက်ပိုင်းက တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးက ဆော့ကစားနေတဲ့ ကလေး(၃)ယောက်တည်းက အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့မရဲစခန်းမှ သိရပါတယ်။

“ ဒီနေ့ မနက် (၉)နာရီလောက်ကဖြစ်သွားတာ။ ဓားနဲ့ထိုးတဲ့ တက္ကသိုလ်ကျောင်းသားက မုံရွာမှာနေတာတော့မဟုတ်ဘူး။ သူ့အဖေက အရပ်ဘက်က ဆောက်လုပ်ရေးအင်ဂျင်နီယာ။ သူ့အဖေဆီအလည်လာရင်းအခုလိုဖြစ်တာ။ ကောင်လေးကတောင်ငူမှာ နေပြီး တက္ကသိုလ် ဒုတိယနှစ်တက်နေတာ။ စာမေးပွဲမဖြေခင် မုံရွာမှာရှိတဲ့ သူ့အဖေဆီအလည်လာရင်း သူတို့နေတဲ့နားက ဘုရားကိုသွားပြီး စာသွားကျက်ရင်းက အခုလိုဖြစ်တာ။ သူဘုရားမှာစာကျက်နေချိန် ကလေး (၃)ယောက်က လာကစားတယ်လို့ပြောတယ်။ အဲ့ချိန်မှာ သူ့ဆီမှာပါလာတဲ့ မီးဖိုချောင်သုံးဓားနဲ့ ကလေးတစ်ယောက်ကို ထိုးလိုက်တာ။ ကျန်တဲ့ကလေး (၂) ယောက်ကတော့ထွက်ပြေးလာတာပေါ့။ ဓားနဲ့ထိုးခံရတဲ့ ကလေးက အသက်(၆) နှစ်အရွယ် မိန်းကလေး သေသွားတယ်” လို့ မုံရွာမြို့မရဲစခန်းမှ စခန်းမှူးက Duwun ကိုပြောပါတယ်။

တရားခံကို စစ်ဆေးတဲ့အခါမှာတော့ ဓားကိုလည်း ရည်ရွယ်ချက်ရှိရှိယူလာတာမျိုးမဟုတ်ဘဲ စာကျက်နေရင်းကနေ ဘယ်လိုလုပ်ပြီး ကလေးကိုဓားနဲ့ထိုးမိသွားမှန်း သူ့ကိုသူ မသိဘူးပြောတယ်ဆိုပြီး စခန်းမှူးက ပြောပါတယ်။

လက်ရှိမှာတော့ တရားခံကို မုံရွာမြို့မရဲစခန်းမှာ ပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်အရေးယူထားပြီး စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


က္က