အိမ်ရှင်၊အိမ်ငှား (၆) ဦးကိုအရေးယူမှာပါ။
Mi Thawdar Aung

မုဒိတာအိမ်ယာဝင်းအတွင်းက နိုင်ငံခြားသား(၇)ဦးကို တရားဝင်နေထိုင်ခွင့်(ဖောင်စီ)မတိုင်ကြားဘဲ နေထိုင်ခွင့်ပြုခဲ့သူ အိမ်ရှင်၊ အိမ်ငှား (၆) ဦးကို လဝကဥပဒေအရ တရားစွဲအရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးခင်မောင်သန်းက Duwun ကိုပြောပါတယ်။ 

အိမ်ရှင်၊အိမ်ငှား (၆) ဦးဟာ နိုင်ငံခြားသားမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၅၁ အရ တရားစွဲဆိုခြင်းခံရမှာဖြစ်ပြီး ထောင်ဒဏ် (၃) နှစ် သို့မဟုတ် ငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ် ပါ နှစ်ရပ်လုံးနဲ့ဖြစ်စေ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တစ်နည်းပြောရရင် ဧည့်စာရင်းပုံစံမျိုး လဝကို သတင်းမပို့တာပါ။ လာမတိုင်တဲ့နိုင်ငံခြားသားတွေရဲ့ အိမ်ရှင်တွေကို တရားစွဲတာပါ။ ဖောင်စီမတိုင်တာက နိုင်ငံခြားသား ၇ ဦး၊ အဲဒီနိုင်ငံခြားသား ၇ ဦးက အိမ် ၆ အိမ်မှာနေတယ်။ အဲဒီတော့ အိမ် (၆) အိမ်က အိမ်ရှင်၊အိမ်ငှားတွေကို တရားစွဲဖို့ စီစဉ်ထားပြီးပြီ။ ဒီအိမ် (၆) အိမ်မှာ နိုင်ငံခြားသားတွေက တိုက်ရိုက် အိမ်ရှင်ဆီက ငှားရမ်းတာမျိုးလည်းရှိမယ်။ ဒါမှမဟုတ်ရင် အိမ်ငှားတစ်ယောက်ကပဲ သူငှားတဲ့အိမ်မှာ နိုင်ငံခြားသားတွေကို ပေးနေတယ်။ ဒီလိုမျိုးဆိုရင် အိမ်ငှားကိုအရေးယူမှာပါ “ လို့ ဦးခင်မောင်သန်းက ဆိုပါတယ်။

Photo- မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ယာဝင်းကိုတွေ့ရစဉ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က မုဒိတာအိမ်ယာနေပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကြောင့် အိမ်ရာဝင်းအတွင်းက နိုင်ငံခြားသားများနေထိုင်တဲ့ အခန်းတွေကို ဝင်ရောက်စစ်ဆေးရာခဲ့ရာမှာ နိုင်ငံခြားသား ၇ ဦးက ဖောင်စီမတိုင်ကြားထားတာကို တွေ့ရပြီး နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသူတစ်ဦးတို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ မြန်မာနိုင်ငံသူတို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးနဲ့ တရားစွဲခံရတဲ့မြန်မာနိုင်ငံသူဟာလည်း ဖောင်စီမတိုင်ကြားထားသူ အိမ်ငှားတစ်ဦးဖြစ်ပြီး လဝက ဥပဒေအရေးယူခံရဖို့လည်း ရှိနေပါတယ်။ 

ဖောင်စီတိုင်ကြားမှု ပျက်ကွက်သူ နိုင်ငံခြားသား(၇) ဦးကတော့ နိုင်ဂျီးရီးယားနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂါနာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံစတဲ့ နိုင်ငံသားတွေ ဖြစ်ပြီး ပြည်တွင်းဘောလုံးပွဲတွေမှာ ဝင်ရောက်ကစားသူတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေ ပါဝင်တယ်လို့လည်းသိရပါတယ်။ 

 ဒီနိုင်ငံခြားသားတွေဟာ တရားဝင်နေထိုင်ကြသူတွေဖြစ်ပြီး လဝကဦးစီးဌာနကို ဖောင်စီမတိုင်ကြားတာမျိုးဘဲ ရှိတာကြောင့် အရေးယူမှုတော့မပြုလုပ်ထားဘူးလို့ လဝကဦးစီးဌာနမှ ဦးခင်မောင်သန်းက ဆိုပါတယ်။  

“ နိုင်ငံခြားသား (၇) ဦး ဖောင်စီတိုင်ကြားရေးအတွက်ကိုတော့ ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ နောက်ထပ်လည်း ဖောင်စီမတိုင်ကြားထားတဲ့ နိုင်ငံခြားသားတွေကို ဆက်လက်ဖော်ထုတ်သွားမယ်” လို့ ပြောပါတယ်။

မုဒိတာအိမ်ယာရှိ အိမ်ခန်းပေါင်း ၃၃ ခန်းမှာ နိုင်ငံခြားသားများငှားရမ်းနေထိုင်ကြပြီး လက်ရှိအချိန်အထိ ဖောင်စီတိုင်ကြားထားသူ နိုင်ငံခြားသားဦးရေ ၁၀၀ ကျော်ဝန်းကျင်ခန့်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရဲ့စာရင်းတွေအရသိရပါတယ်။




က္က