ဇွန်လ(၃)ရက်နေ့ကနေ (၅)ရက်နေ့ထိ မြို့အလိုက်စံချိန်သစ်တွေတင်ခဲ့တာပါ။
Ei Ei Htun

မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်ပေမယ့် မုတ်သုံလေဝင်ရောက်မှုနောက်ကျနေတာကြောင့် ဒေသတချို့မှာ အပူချိန်များမြင့်တက်လျှက်ရှိပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ 

ဇွန်လ (၃)ရက်နေ့ကစပြီး ဇွန်လ(၅)ရက်နေ့ထိ သက်ဆိုင်ရာမြို့အလိုက် အပူချိန်စံချိန်သစ်တွေတင်ခဲ့တာဖြစ်ပါတယ်။

အပူချိန်စံချိန်သစ်တင်ခဲ့တဲ့မြို့တွေကတော့ လပ္ပတ္တာမြို့၊ တောင်ကုတ်မြို့နဲ့ ငါးသိုင်းချောင်းတို့ပဲဖြစ်ပါတယ်။

“ ဒီရက်ပိုင်းမှာကမြို့နယ်တချို့မှာ အပူချိန်စံချိန်သစ်တင်နေတာတွေရှိပါတယ်။ အခုက မိုးဦးကာလမှာ မိုးမကျဘဲ အပူချိန်စံချိန်သစ်တင်တာ မုတ်သုံလေကအားနည်းပြီး ဝင်ရောက်မှုနောက်ကျနေတဲ့အတွက်။ ပုံမှန်ဆို ဒီချိန်ကမိုးကောင်းကောင်းရွာရမယ့်အချိန်။ အခုတော့ နေ့ခင်းဘက်တွေမှာ အပူချိန်ကပူပြီး ညနေဘက်တွေမှာဆို အပူပြန်တဲ့ မိုးတိမ်တွေကြောင့် လျှပ်စီးလက်တာတွေ မိုးကြိုးပစ်တာတွေဖြစ်ပေါ်နေတာ”ပါလို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

လပ္ပတ္တာက ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်က ၃၅.ဝဒီဂရီစင်တီဂရိတ်နဲ့ အပူချိန်စံချိန်တင်ခဲ့ပြီး ၂၀၂၀ခုနှစ်ဇွန်လ ၃ ရက်နေ့မှာတော့ ၃၅.၅ဒီဂရီစင်တီဂရိတ်နဲ့ အပူချိန်စံချိန်သစ်တင်ခဲ့တာပါ။

တောင်ကုတ်က ၂၀၁၄ခုနှစ်က ၃၅.၆ဒီဂရီစင်တီဂရိတ်ကနေ ၂၀၂၀ဇွန်လ ၄ရက်နေ့မှာ ၃၆ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့ပါတယ်။

ငါးသိုင်းချောင်းက ၁၅နှစ်အတွင်းမှာ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့တာဖြစ်ပြီး ယခင် ၂၀၀၅ခုနှစ်တုန်းက ၃၇.ဝစင်တီဂရိတ်ကနေ ၂၀၂၀ဇွန်လ ၅ရက်နေ့မှာတော့ ၃၇.၂ဒီဂရီစင်တီဂရိတ်ထိ စံချိန်သစ်တင်ခဲ့တာပါ။

အပူချိန်တွေစံချိန်သစ်တင်ခဲ့တယ်ဆိုပေမယ့် ယခင်စံချိန်ဟောင်းနဲ့ သိပ်ပြီးကွာခြားမှုမရှိတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဦးကျော်မိုးဦးကပြောပါတယ်။

ဒီကနေ့ ဇွန်လ (၆)ရက်နေ့အတွက် ခန့်မှန်းချက်အရ မုံရွာနဲ့ မကွေးတို့မှာလည်း ၄၀ဒီဂရီစင်တီဂရိတ်ထိ အမြင့်ဆုံးအပူချိန်ကိုခံစားရနိုင်လို့လည်း ခန့်မှန်းထားတာပါတယ်။




က္က