ရောဂါပိုး တွေ့ရှိပြီး ၁၁ရက်အကြာမှာ Negative တစ်ကြိမ်ပြန်ပြတာပါ။
Kyaw Ko Ko Sint

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး လူနာနဲ့အနီးကပ်ထိတွေ့ခဲ့သူ ၁၅၄ ဦးရဲ့ ဓာတ်ခွဲအဖြေလည်း ရောဂါပိုး မတွေ့ဘူး လို့သိရပါတယ်။

ဓာတ်ပုံ - မူဆယ်‌ဆေးရုံသစ်ကြီး (Thaung Tun Facebook Page)

ပြည်တွင်းကူးစက်မှုလို့ သတ်မှတ်လို့ရတဲ့ ရှမ်းပြည်နယ်၊မူဆယ်မြို့က ကျန်းမာရေးဝန်ထမ်း လူနာအမှတ် ၂၃၁ ဟာ ရောဂါပိုးတွေ့ရှိပြီး ၁၁ ရက်အကြာမှာ တစ်ကြိမ် Negative ပြနေပြီလို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက Duwun ကိုပြောပါတယ်။

“ဇွန်လ ၁၃ ရက်နေ့က ရောဂါအဖြေမှာ တစ်ကြိမ် Negative ပြတာပါ။နောက်ထပ် တစ်ကြိမ်အတွက်တော့ ဓာတ်ခွဲ နမူနာက ရန်ကုန်ကိုပို့ထားပေမယ့် အခုချိန်ထိတော့မသိရသေးပါဘူး။ဓာတ်ခွဲနမူနာတွေကလည်း များတော့ နည်းနည်းတော့ စောင့်ရပါဦးမယ်။လောလောဆယ်တော့ လူနာကျန်းမာပါတယ်။” လို့ မူဆယ်ဆေးရုံအုပ်ကြီးက ပြောပါ တယ်။

ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ အတည်ပြုလူနာအမှတ် ၂၃၁ အဖြစ် ပါဝင်လာတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးဟာ မူဆယ်မြို့က ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ပြည်ပ ခရီးသွားရာဇဝင်မရှိသလို တရုတ်နယ်စပ်က ပြန်ဝင်လာ သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးပေးရတဲ့ ဝန်ထမ်းမဟုတ်ဘူးလို့ သိရပါတယ်။

“ကျန်းမာရေးဝန်ထမ်းဆိုပေမယ့် သူက ကျွန်တော်တို့ဂိတ်မှာ တာဝန်ကျတဲ့သူတော့မဟုတ်ပါဘူး။ သိရသလောက်သူ က မုံးပေါ်ဒေသမှာ တာဝန်ကျနေပြီး မူဆယ်မှာတော့ သူ့အမျိုးသားနဲ့ကလေးရှိပါတယ်။”လို့ တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ်မှာ တာဝန်ကျနေတဲ့ ဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက Duwun ကို ပြောပါတယ်။

အဆိုပါ ပိုးတွေ့လူနာအမှတ် ၂၃၁ နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၅၄ ဦးရဲ့ ဓာတ်ခွဲနမူနာကို ရယူစစ်ဆေးခဲ့ရာမှာတော့ အားလုံးရဲ့ အဖြေက Negative ပြနေတယ်လို့လည်း မူဆယ်ဆေးရုံအုပ်ကြီးရဲ့ ပြောပြချက်အရသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က