နန်းတော်ပေါက်မှာ တာဝန်ကျသူမဟုတ်ဘဲ ကျေးလက်ကျန်းမာရေးမှူးသာဖြစ်တယ်လို့သိရပါတယ်။
Ei Ei Htun

မူဆယ်က လူနာနံပါတ်(၂၃၁)က ကျေးလက်ကျန်းမာရေးဌာနမှူးတစ်ဦးဖြစ်ပြီး သူနဲ့ထိတွေ့မှုရှိခဲ့သူက လတ်တလော ရှာဖွေတွေ့ရှိမှုအရ (၄၀)ဦးအထက်မှာရှိတယ်လို့ သိရပါတယ်။

မေလ (၂၈)ရက်က မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းလစာထုတ် အစည်းအဝေးတက်ရောက်လာစဉ် ဝန်ထမ်းတွေကို ရောဂါပိုးရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လူနာနံပါတ် (၂၃၁)က ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်းထိတွေ့မှုမရှိထားပါဘူး။ ရောဂါပိုးတွေ့ရှိတဲ့အချိန်မှာလည်း COVID-19 ရာဂါလက္ခဏာတွေဖြစ်ပေါ်ခဲ့တာလည်းမရှိဘူးလို့ သိရပါတယ်။

“ အခုလူနာက သူ့မှာပိုးမတွေ့ခင်အထိ သူတာဝန်ကျတဲ့ မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်တွေကို ထမ်းဆောင်ထားသလို Quarantine ဝင်နေတဲ့သူတွေကိုလည်း လိုက်လံကြည့်ရှုပေးခဲ့တာတွေလုပ်ခဲ့တယ်။ သူနဲ့ထိတွေ့ထားသူကတော့ (၄၀)ကျော်လောက်တော့ရှိမယ်။ အားလုံးကိုလည်း Quarantine ထားရှိထားပါပြီ။ လက်ရှိလူနာရဲ့ကျန်းမာရေးကကောင်းတယ်။ ရောဂါလက္ခဏာမပြပဲ ကူးစက်ခံရတာဆိုတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို ဓာတ်ခွဲစစ်ဆေးပြီးမှပဲ သူကနေတစ်ဆင့်ကူးစက်မှုက ဘယ်လောက်ထိစိုးရိမ်ရလည်းဆိုတာသိရမှာ”ပါလို့ မူဆယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက Duwun ကိုပြောပါတယ်။

လူနာနံပါတ် (၂၃၁)က မူလကသတင်းတွေထွက်လာသလို နန်းတော်ဂိတ်ပေါက်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းမဟုတ်ဘဲ မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှာသာ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ ရောဂါပိုးမတွေ့ရှိခင် မေလ (၁၈)ရက်နေ့က တရုတ်နိုင်ငံကပြန်လာတဲ့ Home Quarantine ဝင်နေသူကို သွားရောက်ကြည့်ရှုပေးခြင်းနဲ့ ဇွန်လ (၂၀)ရက်နေ့က မုံးပေါ်ရှိ ရပ်ကွက် (၄)ခုမှာ သွေးလွန်တုပ်ကွေးဆေးလိုက်ခတ်ခြင်းလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။

မေလ ၂၁ရက်နေ့မှာ မွေးလူနာတစ်ဦးကို ကုသပေးခဲ့ပြီး (၂၆)ရက်နေ့မှာတော့ မုံးပေါ်ရှိ အဆုတ်သွေးအန်လူနာတစ်ဦးကိုပါ ကုသပေးခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၂)ရက်နေ့ ည ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါကျန်းမာရေးမှူးက အတည်ပြုလူနာအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။

လူနာနံပါတ်(၂၃၁)ရောဂါကူးစက်ခံရမှုက ဘယ်ကနေကူးစက်ခံရလဲဆိုတာ ရှာဖွေလို့မရသေးသလို ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရတာက ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေတော့ရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။ ပြည်တွင်းကူးစက်မှု မတွေ့ရှိတော့တာ ၁၄ရက်ခန့်အကြာမှာ လူနာအမှတ်(၂၃၁) ကို ပြန်လည်တွေ့ရှိတာဖြစ်ပြီး ထိတွေ့မှုရှိခဲ့သူတွေကို CCTV မှတ်တမ်းကတဆင့်ဆက်လက်ရှာဖွေမှုတွေလုပ်နေပြီး ရောဂါကူးစက်ခံရသူတွေထပ်မံရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က