မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေဆဲပါ။
Mi Thawdar Aung

မူဆယ်မြို့ရဲ့ လမ်းလေးခွဆုံက ဓာတ်မီးတိုင်တစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်းအတွက် အမျိုးသမီး (၂၅) ယောက် အလိုရှိတယ်ဆိုပြီး ရေးသားထားတဲ့ အလုပ်ခေါ်စာတစ်ခုကပ်ထားကြောင်း မူဆယ်မြို့မရဲစခန်းက အတည်ပြုပြောကြားပါတယ်။

အဆိုပါ အလုပ်ခေါ်စာ ကပ်ထားမှုနဲ့ ပတ်သက်ပြီး စပ်ဆက်နေတဲ့ ရှမ်းတရုတ်လူမျိုး (၄) ဦးကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။

“ တရုတ်နိုင်ငံသားမဟုတ်ပါဘူး။ မြန်မာပြည်မှာနေတဲ့ မုံးကိုးမြို့က ရှမ်းတရုတ်လူမျိုးတွေပါ။ အခုလက်ရှိ သူတို့လေးယောက်ကို စိစစ်နေတုန်းပါ” လို့ ရဲအရာရှိက ဆိုပါတယ်။

အဆိုပါ အလုပ်ခေါ်စာကပ်ထားတာကို ရဲတပ်ဖွဲ့ သွားကြည့်ရာမှာတော့ အမြင်မတော်တဲ့သူတွေက ဆုတ်ဖြဲပြီး လွှင့်ပစ်ခဲ့တာကြောင့် မတွေ့ရှိရတော့ဘူးလို့ ဆိုပါတယ်။

အဆိုပါ အလုပ်ခေါ်စာထဲမှာ အသက် (၁၈) နှစ်ကနေ (၂၅) နှစ်အရွယ် အမျိုးသမီး (၂၅) ယောက် အလိုရှိကြောင်းနဲ့ ဆက်သွယ်ရမည့် ဖုန်းနံပတ်တွေကိုလည်း ရေးသားထားပါတယ်။

အလုပ်ခေါ်စာမှာပါရှိတဲ့ ဖုန်းနံပတ်တွေကို Duwun ကဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းစက်ပိတ်ထားခဲ့ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။


က္က