၅၅ နှစ်မြောက် ရဲတပ်ဖွဲ့နေ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ပြည်သူလူထုအနေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေကို သတင်းပေးရုံသာမက ထုတ်လုပ်သူတွေ၊ မူးယစ်ရာဇာ သတင်းတွေကို တိတိကျကျ သတင်းပေးတိုင်ကြားကြဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

Photo- YRG (၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား)

အောက်တိုဘာ ၁ ရက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှာကျင်းပတဲ့ (၅၅) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့  ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းတွေမှာလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဌာန်းချက်တွေနဲ့အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးရေး လုပ်ငန်းတွေကို အမျိုးသားရေး တာဝန် အဖြစ် ခံယူပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ် အကောင်အထည်ဖော်နေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နေချိန်မှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ ဒီမိုကရေစီရဲလုပ်ငန်းစဉ်တွေ အဖြစ်ပြုပြင်ပြောင်းလဲလာတာကို ဂုဏ်ယူမိတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ တိုးတက်ဆောင်ရွက်မှုတွေ အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို တိုက်ရိုက်ထိခိုက်နိုင်သည့် အမှုကြီးများ၊ ခိုးမှုများနှင့် နာကျင်မှု လျော့နည်း ကျဆင်းစေရေး အတွက် အစီအမံတွေ ရေးဆွဲဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ပထမလေးလပတ်အတွင်းမှာ အမှုကြီး ၁၉၅ မှု ဖြစ်ပွားခဲ့ပြီး  ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကြောင့် ၂၀၁၉ ခုနှစ် ပထမလေးလပတ်မှာတော့ အမှုကြီး ၁၂၈ ခုသာ ရှိခဲ့တာကြောင့် ၆၇ မှု လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။



က္က