Ko John

ဆွစ်ဇာလန်နိုင်ငံ ETH Zurich သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရှိ Crowther Lab သုတေသနအဖွဲ့မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀ ရက်) မှာ သတိပေးမှုအရ မြန်မာနိုင်ငံ ရန်ကုန်မြို့အပါအဝင် အာဆီယံဒေသတွင်းမှ မြို့တွေဟာ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ရာသီဥတုပြောင်းလဲမှုကို မကြုံစဖူး ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် သက်ရောက်မှုတွေအနက် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှု၊ ရေကြီးမှုနဲ့ မိုးခေါင်မှုများ ပိုမိုကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ Crowther Lab မှ သိပ္ပံပညာရှင်တွေက ကမ္ဘာတစ်ဝှမ်းမှ မြို့ကြီးများအားလုံးနဲ့ လူဦးရေတစ်သန်းအထက် နေထိုင်ကြတဲ့ မြို့များအပါအဝင် မြို့ပေါင်း ၅၂၀ ကို သုတေသနပြု လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေက အဆိုပါမြို့တွေရဲ့ မိုးရွာသွန်းမှုပမာဏနဲ့ ရာသီအလိုက် မိုးလေဝသဆိုင်ရာ အချက်အလက် အပါအဝင် လက်ရှိ ရာသီဥတုအခြေအနေများကို အခြေခံပြီး အပူချိန် နောက်ထပ် ဒီဂရီဆဲလ်စီးယပ်တစ်ဝက် (half degree celsius) မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်း အပူချိန်ဟာ စက်မှုလုပ်ငန်းထွန်းကားလာပြီးနောက် ၁ ဒီဂရီဆဲလ်စီးယပ် မြင့်တက်နေခဲ့ပြီး ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝှမ်း အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်အထိသာ ကန့်သတ်ထိန်းချုပ်ထားနိုင်ရေး ဆောင်ရွက်ကြရန် ၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက် (2015 Paris Agreement) အရ ကမ္ဘာ့နိုင်ငံတွေက သဘောတူညီထားခဲ့ကြပါတယ်။

PLOS ONE ဂျာနယ်မှာ ဖော်ပြထားတဲ့ Crowther Lab မှ သိပ္ပံပညာရှင်တွေရဲ့ ယခုလေ့လာမှုဟာ ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အကျိုးဆက်အဖြစ် မြို့ကြီးတွေမှာ ရာသီဥတုအခြေအနေများ ပြောင်းလဲလာနိုင်မှုနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ကမ္ဘာတစ်ဝှမ်း လေ့လာဆန်းစစ်မှုလည်း ဖြစ်ပါတယ်။

၎င်းတို့ရဲ့ လေ့လာဆန်းစစ်ခဲ့တဲ့ မြို့ပေါင်း ၅၂၀ အနက် ၇၇ ရာခိုင်နှုန်းဟာ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ရာသီဥတုအခြေအနေများ ပြောင်းလဲမှုကို ကြုံရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့မြို့တွေရဲ့ ငါးပုံတစ်ပုံဟာ အလွန်ပူပြင်းခြောက်သွေ့မှုနဲ့ ပြင်းထန်တဲ့ မုတ်သုန်ရာသီများကဲ့သို့ မကြုံစဖူး ရာသီဥတုပြောင်းလဲမှုတွေ ကြုံတွေ့လာမယ်လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူ Jean Francis-Bastin က ပြောခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ခဲ့တဲ့ မြို့များအနက် ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁၅ မြို့ဟာ ထိုသို့ မကြုံစဖူး ရာသီဥတုအပြောင်းအလဲကို ကြုံတွေ့လိမ့်မယ်လို့ သိရပါတယ်။ မကြုံစဖူး ရာသီဥတုပြောင်းလဲမှုတွေ ကြုံတွေ့ရမယ့် မြို့များအနက် ၆၄ ရာခိုင်နှုန်းအထိဟာ အပူပိုင်းဒေသမှာရှိနေပြီး မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ အင်ဒိုနီးရှားမှ ဂျကာတာမြို့၊ မလေးရှားမှ ကွာလာလမ်ပူမြို့နဲ့ စင်ကာပူနိုင်ငံ စင်ကာပူမြို့တို့လည်း ပါဝင်ပါတယ်။

အပူပိုင်းဒေသရှိ မြို့တွေဟာ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်တွေကို အပြင်းထန်ဆုံး ကြုံတွေ့ရဖွယ်ရှိနေကြောင်းလည်း Crowther Lab မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုရလဒ်က ပြောထားပါတယ်။ သို့သော် ထိုမြို့တွေမှာ ပျမ်းမျှအပူချိန်ကတော့ အနည်းငယ်သာ ပြောင်းလဲမှုကြုံရမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြို့တွေမှာ နေထိုင်လာကြမယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။

Source: National Geographic, Reuters, BBC


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က