loading...

loading...

loading...

နေရပ်ပြန်မြန်မာလုပ်သား ဝင်ရောက်မှုနေ့စဉ်ထောင်နဲ့ချီရှိနေပါတယ်။
Mi Thawdar Aung

မြဝတီမြို့၊ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ မတ်လ ၂၃ ရက်စပြီး ခရီးသည်လူအဝင်အထွက်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကုန်ပစ္စည်းတင်ပို့မှုကိုသာ ခွင့်ပြုသွားမယ်လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကအမိန့်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Photo- Thant Zin Aung FB

ကုန်ပစ္စည်းသယ်ယူပို့ဆောင်သောယာဉ်နဲ့ ကူးစက်ရောဂါ COVID-19 စစ်ဆေးခံရပြီး ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးကလွဲပြီး နယ်စပ်ဖြတ်ကျော်တဲ့လူဝင်လူထွက်အားလုံးကို ဆိုင်းငံထားဖို့ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

အဆိုပါ အမိန့်ကြေညာချက်ဟာ မတ်လ ၂၃ ရက်ကနေ ကူးစက်မှု ရောဂါထိန်းချုပ်ရေးအခြေအနေပြန်လည်ကောင်းမွန်စိတ်ချရတဲ့အထိ အသက်ဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ တာ့ခ်ခရိုင်နယ်စပ်တစ်လျှောက်က ကုန်ပစ္စည်းဝင်ထွက်ပို့ဆောင်ဖို့ အမြဲတမ်းဖွင့်ထားတဲ့ နယ်စပ်လမ်းနဲ့ ကုန်ပစ္စည်းပို့ဆောင်ရန် ဖြေလျှော့ပေးထားတဲ့နေရာတွေ နဲ့ အခြားဝင်ထွက်နိုင်တဲ့နေရာတွေကို စစ်ဆေးကျပ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ မြန်မာလုပ်သားထောင်နဲ့ချီဝင်ရောက်နေကြပြီး မနေ့က မတ်လ ၂၁ ရက်ကဆိုရင် ဝင်ရောက်လာသူဦး ၆၀၀၀ ကျော်ရှိနေတယ်လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

“ မနေ့တစ်ရက်အတွင်းကို လူ ၆၀၀၀ ကျော်ဝင်လာတယ်။ ဒီနေ့ဆိုရင် အခုချိန်ထိ ဝင်ရောက်လာသူဦးရေ ၂၀၀၀ ကျော်နေပြီ။ ဝင်လာတဲ့သူတွေကို နယ်စပ်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်။ အပူချိန်တိုင်းကိရိယာနဲ့ တိုင်းတယ်။ခရီးသည်တွေအကုန်လုံးကို ကျန်းမာရေးစိစစ်ချက် တွေဖြည့်ခိုင်းတယ်။ သူတို့ကို ဆက်သွယ်လို့ရမယ့်ဖုန်း၊ ပြည်ပမှာလုပ်ခဲ့တဲ့ အလုပ်အကိုင်လိပ်စာ အတိအကျဖြည့်ခိုင်းတာမျိုးတွေတော့လုပ်ထားပါတယ်။” လို့ ဦးသန့်ဇင်အောင်က ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတု့ိမှာ COVID-19ရောဂါကူးစက်ခံနေရကြောင်း မတ်လ ၂၀ ရက်နေ့က ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးနဲ့ HIVရောဂါပိုင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အရာရှိ မစ္စတာ Surasak Thanaisawanyangkoon က လူမှုကွန်ရက်မှာတင်ထားခဲ့သလို မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးကလည်း အတည်ပြုပြောကြားခဲ့ပါတယ်။

ကူးစက်ခံရသူ နှစ်ဦးကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကနေ COVID 19 ကူးစက်ခံရသူ အခြားနိုင်ငံသားတွေနဲ့ နည်းတူ ကျန်းမာရေး အာမခံ နဲ့ ပြုစုကုသပေးနေပြီးလို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဟန့်တားဖို့ ဘန်ကောက်မြို့က စူပါမားကတ်တွေကလွဲပြီး ဈေးတန်းတွေကို မတ်လ ၂၂ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ မြို့တော်ဝန် Aswin Kwanmuang က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က