ဘားအံနဲ့မော်လမြိုင်ဘက်မှာ စီစဥ်ထားတယ်လို့သိရပါတယ်။

မြဝတီနယ်စပ်ကတဆင့် ပြန်ဝင်လာသူတိုင်းရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်ကို ညတွင်းချင်းပို့ပြီး ဓာတ်ခွဲစစ်ဆေး ရာမှာ ကြန့်ကြာမှုရှိခဲ့ရင် ကွာရန်တင်းနေရာအခက်တွေ့နိုင်လို့ ဘားအံနဲ့မွန်ပြည်နယ်ဘက်မှာ ကွာရန်တင်းနေရာ တွေအရန်သင့်စီစဉ်ထားရတယ်လို့ သိရပါတယ်။

မေလ ၂၃ရက်နေ့က စတင်ပြီး မြဝတီနယ်စပ်ကတဆင့် ဝင်လာရောက်လာသူတိုင်းကို ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ် လျက်ရှိရာမှာတော့ ဓာတ်ခွဲနမူနာတွေကို ညတွင်းချင်း ရန်ကုန်ကိုပို့ဆောင် စစ်ဆေးစေလျက်ရှိပါတယ်။ မေလ၂၃ရက်နေ့ညမှာ ဓာတ်ခွဲနမူနာ ၂၂၅ခုကို ပို့ဆောင်စစ်ဆေးစေခဲ့ရာမှာတော့ မေလ ၂၄ရက်နေ့ညမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ မရှိဘူးလို့ သိရပါတယ်။



ထပ်မံပြီး မေလ ၂၄ရက်နေ့ညမှာလည်း ဓာတ်ခွဲနမူနာ ၂၁၇ခုကို ထပ်မံပို့ဆောင်ထားပြီး ပုံမှန်အတိုင်းဆိုရင် ဒီနေ့( မေလ ၂၅)ညမှာ အဖြေရမှာလို့လည်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwunကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဓာတ်ခွဲနမူနာတွေကို ညတိုင်းပေးပို့နေပြီး ပုံမှန်အတိုင်းဆိုရင် နောက်တစ်နေ့ညမှာ အဖြေ ပြန်ရပါတယ်။ ဒီနေ့ညမှာ အဖြေထွက်လာလို့ အတည်ပြုလူနာမရှိရင် ကျွန်တော်တို့က သူတို့ကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကို ပြန်လည်စေလွှတ်ပြီး သူတို့အရပ်ဒေသမှာ ကွာရန်တင်း ၂၁ရက်ဝင်စေပါတယ်။ဒီလိုမှ မဟုတ်ပဲ အဖြေထွက်မယ့်ရက်နောက်ကျရင်တော့ လူအရမ်းကြပ်သွားနိုင်ပြီး ကွာရန်တင်း နေရာအခက်တွေ့လာ နိုင်ပါတယ်။”လို့ ဦးတေဇာအောင်က ပြောပါတယ်။

မြဝတီမှာ ကွာရန်တင်းနေရာတွေမှာတော့ နှစ်သစ်ကူးကွင်း၊ကုန်သွယ်ရေးဇုန်၊ မဲကနယ်လုံးချင်းအိမ်ယာ နှင့်ယာယီပျံကျဈေးတို့မှာစီစဉ်ထားပြီး နေရာတစ်ခုကို လူ၃၀၀ဝန်းကျင်ခန့်ဝင်ဆံ့ပြီး ရွှေမြဝတီကွာရန်တင်းစင်တာမှာတော့ လူ ၁၀၀၀အထိဝင်ဆံ့တယ်လို့ သိရပါတယ်။

“ဒီနေရာ ၄ခုရှိပေမယ့် ၁၀၀၀လောက်ဆံ့တဲ့ နေရာမှာတော့ ဓာတ်ခွဲနမူနာယူပြီး ခဏထားတဲ့သူတွေအတွက်က ၃၀၀လောက်ဖယ်ထားပါတယ်။ကျန်တာက ၂၁ရက် နေရမယ့်သူတွေအတွက်ပါ။ နည်းနည်းပိုလာရင်တော့ ဧရိယာ ကိုနည်းနည်းပြန်ကန့်ရတာပေါ့၊ ကျွန်တော်တို့က သွားရေးလာရေးခက်တဲ့ အရပ်ဒေသတွေက လူတွေကိုတော့ ကျွန်တော် တို့ဆီမှာပဲ ကွာရန်တင်းထားပါတယ်။ နီးတဲ့အရပ်ဒေသတွေကဆိုရင်တော့ ဓာတ်ခွဲအဖြေထွက်ပြီး ရောဂါပိုးမတွေ့ ရင် သူ့အရပ်ဒေသမှာပဲ ကွာရန်တင်းဝင်စေပါတယ်။ ဓာတ်ခွဲစစ်ဆေးမှု ပုံမှန်လည်ပတ်နေနိုင် ရင်တော့ ကွာရန်တင်းနေရာအတွက် အဆင်ပြေပါတယ်။အနည်းငယ် ကြန့်ကြာသွားမယ်ဆိုရင် အခက်တွေ့လာ နိုင်တဲ့အတွက် ဘားအံနဲ့မွန်ဘက်မှာ ကွာရန်တင်းနေရာတွေကို အရန်သင့်စီစဉ်ထားတယ်လို့သိရပါသေးတယ်။” လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။

မြဝတီကနေ ပြန်လာသူတွေမှာ ထိုင်းနိုင်ငံ အစိုးရရဲ့ အထူးအစီအစဉ်နဲ့ ဘန်ကောက်ကတဆင့် ပြန်လာသူတွေနဲ့ မိမိ အစီအစဉ်နဲ့ နယ်စပ်က ပြန်လာသူ၊ လဝက စောင့်ကြည့်ရေးနေရာတွေကနေ ပြန်ဝင်လာသူတွေ ရှိနေပြီး ထိုင်းအစိုးရ အစီအစဉ်နဲ့ ဒီနေ့မှာပြန်ဝင်လာသူ ၄၆၂ဦးရှိပြီး မေလ ၂၅ ရက်နေ့ တစ်ရက်တည်းမှာ ပြန်ဝင်လာသူ စုစုပေါင်း ၆၀၀ ကျော်နေပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က