မြဝတီမှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ မကြာခဏဖြစ်ပေါ်မှုရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Ei Ei Mar

ဆေးရုံအတွင်း ဆိုင်ကယ်ပျောက်မှု၊ ဆိုင်ကယ် ခိုးယူခံရမှုတွေမဖြစ်စေဖို့ ဆိုင်ကယ်တွေကို ကိုယ်ပိုင်သော့ဖြင့် သော့ခတ်ကာ ရပ်နားနိုင်မယ့် ဆိုင်ကယ်စတန်းကို ကရင်ပြည်နယ် မြဝတီ ပြည်သူဆေးရုံကြီးဝန်းထဲမှာ ဖော်ဆောင်ထားပါတယ်။



 ဆေးရုံကြီးထဲက လေးထပ်ဆောင်‌ရှေ့မှာ ဆိုင်ကယ် ၁၇ စီးရပ်နားနိုင်မယ့်စတန်းတစ်ခု၊ သုံးထပ်ရုံးရှေ့မှာ ဆိုင်ကယ် ၇ စီးရပ်နိုင်မယ့်စတန်း နေရာတစ်ခုဖော်ဆောင်ထားတာကြောင့် စုစုပေါင်း ဆိုင်ကယ် ၂၄ စီးရပ်နားနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း

ဆိုင်ကယ်ရပ်နားရာနေရာတွေမှာ သံဘားတန်းများပြုလုပ်ထားပြီး ဘားတန်းရှေ့မှာ ဆိုင်ကယ်ရဲ့ရှေ့ဘီးထည့်ပြီး သော့ခတ်လို့ရအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

"ဒီမှာက ဆိုင်ကယ်ဝစ်သောက် (လိုင်စင်မဲ့ဆိုင်ကယ်) စီးကြတာများတယ်။အ‌ပျောက်အရှလည်း များတာကြောင့် အလှူရှင်အကူညီနဲ့ သော့ထပ်ခတ်ပြီး  ဆိုင်ကယ်ရပ်နားလို့ ရမယ့် နေရာ လုပ်ထားတာပါ ။ဝန်ထမ်းတွေအနေနဲ့ ဒါလုပ်ထားပြီးရင်တော့ နေ့ခင်းနေ့လယ်ဘက်တွေမှာ ဝန်ထမ်းတိုင်းဆိုင်ကယ်ကို ဆေးရုံအခန်းထဲ ရုံးထဲ ထားပိုင်ခွင့်မရှိတော့ပါဘူး၊ ဆေးရုံ က လူနာအတွက်၊ ရုံးက ဝန်ဆောင်မှု အတွက် ဖြစ်ရပါမယ် ။"လို့ ဆေးရုံအုပ်ကြီး ‌ဒေါက်တာ နန္ဒဝင်းက ပြောပါတယ်။

ယခုလိုဆောင်ရွက်ထားပေးမှုအပေါ် စည်းကမ်းလိုက်နာမှုအားနည်းပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ဆောင်ရွက်သွားရမယ်လို့ သိရပါတယ် ။

 ယခု ကနဦး စတင်လုပ်ဆောင်ထားတဲ့ ဆိုင်ကယ်ကို သော့ခတ် ရပ်နားနိုင်မယ့် စတန်းနေရာဟာ ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။ဆေးရုံကိုလာမယ့် လူနာရှင်တွေနဲ့ဧည့်သည်တွေအတွက်ကိုတော့ ဆိုင်ကယ်အပ်နှံခကို အခမဲ့ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း

"ဒီမှာတော့အားလုံးက စီးနေကြတာပဲ။ ကားဆိုလည်း လိုင်စင်မရှိဘဲ စီးတာပဲ ။ ဆိုင်ကယ်ရော။ ဆိုင်ကယ်တွေက ပျောက်တာတွေကြားနေရပေမယ့် ရဲစခန်းတိုင်ကြတယ်တော့ မကြားမိဘူး။ တိုင်လည်း ဝစ်သောက်ဆိုတော့ အဆင်မပြေဘူး။ ဆေးရုံက အခုလုပ်တဲ့အစီအစဉ်ကောင်းတယ်။ လူနာရှင်တွေအတွက်ပါ လုပ်ပေးစေချင်တယ်။ဒါစိတ်အချရဆုံးပဲ။"လို့ မြဝတီမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းကပြောပါတယ်။

မြဝတီမြို့မှာက အသုံးပြုနေတဲ့ ဆိုက်ကယ် အများစုဟာ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဖြစ်ပြီး ဆိုင်ကယ်ပျောက် ဆုံးမှုတွေလည်း မကြာခဏဖြစ်ပေါ်မှုရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Mar

    Managing Editor


က္က