စိုးရိမ်ရေမှတ်ရောက်ရှိဖို့ (၉)စင်တီမီတာသာ လိုတော့တာပါ။
Ei Ei Htun

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့အနောက်ဘက်ရှိကျေးရွာများရေဝင်ရောက်‌ကာ ပြောင်းရွေ့နေထိုင်နေရပြီး (၄၈)နာရီအတွင်းမှာလည်း ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ 

ဧရာဝတီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က (၁၁၅၀) စင်တီမီတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲ (၁၂)နာရီအချိန်တိုင်းတာချက်အရ (၁၁၄၁) စင်တီမီတာ ရောက်ရှိနေပြီဖြစ်လို့ စိုးရိမ်ရေမှတ်ရောက်ရှိရန် (၉)စင်တီမီတာသာ လိုတော့တာပါ။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်ကလည်း နောက် (၄၈)နာရီအတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိကျော်လွန်နိုင်တယ်လို့ ုထုတ်ပြန်ထားပါတယ်။ 

“ နေပြည်တော်ရုံးချုပ်ခန့်မှန်းတာကလည်း နောက်၄၈နာရီအတွင်းစိုးရိမ်ရေအမှတ်ကိုရောက်ရှိကျော်လွန် နိုင်တယ်လို့ထုတ်ပြန်ထားတယ်။ အထက်စခန်းတွေကိုပြန်‌ကြည့်တော့ မြစ်ကြီးနား၊‌‌ ရွှေဘို၊ကသာ တွေမှာရေပြန်ကျလာပြီး သပိတ်ကျင်း၊မန္တလေး၊စစ်ကိုင်း၊မြင်းမူက တော့ရေနည်းနည်းကတန့်နေတဲ့အခြေအနေရှိပါတယ်။တစ်ပတ်အတွင်းစစ်ကိုင်းမြို့ရဲ့စိုးရိမ်ရေအမှတ်ကိုရောက်နိုင်ပါတယ်"ဟု စစ်ကိုင်းခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဦးစီးမှုး ဦးကိုကိုနိုင်က Duwun ကိုပြောပါတယ်။ 

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ ရေဝင်ရောက်မှုတွေရှိနေသလို 

မြေနိမ့်ပိုင်းကရပ်ကွက်က ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်မှုတွေရှိနေတာကြောင့် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ 

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမင်းကွန်းကားလမ်း ဆွမ်းဦးပုညရှင်ရေစက်အနီးမှာလည်း ဒီကနေ့ ဇူလိုင် ၂၇နေ့က ရေကျော်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မနှစ်က ရေကြီးချိန်မှာ ရေနဲ့အတူ မြောပါလာတဲ့ အဆိပ်ရှိသတ္တဝါတော်တော်များများတွေ့ရတာကြောင့် ဒီနှစ်မှာလည်း ပြည်သူတွေအနေနဲ့ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား မကြုံရသေးပေမယ့် ရေဘေးနဲ့ ဆက်နွယ်တဲ့ ရောဂါပိုးမွှားအန္တရာယ်ကို သတိပြုဖို့လိုတယ်လို့လည်း အသိပေးပြောကြားထားပါတယ်။






Author

  • Ei Ei Htun

    Content Writer/Reporter


က္က