ယခုနှစ် (၁၁)လပိုင်းကုန်မှာ အပြီးဆောက်လုပ်သွားမှာပါ။

နေပြည်တော်အခြေစိုက်သတင်းသမားတွေအတွက် မီဒီယာလုပ်ငန်းများအထောက်အကူပြုအသုံးပြုနိုင်ရန် Naypyitaw Information Centre ကို နေပြည်တော်စည်ပင်ရဲ့ ဦးဆောင်မှုနဲ့ စတင်ဆောက်လုပ်နေပြီး ယခုနှစ် (၁၁)လပိုင်းကုန်လောက်အပြီးဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နေပြည်တော်မြို့မဈေးနားမှာ (၃)ထပ်အဆောက်အဦတစ်ခုအဖြစ်စတင်ဆောင်လုပ်နေတာဖြစ်ပြီး အဆောက်အဦပြီးစီးသွားပါ က မီဒီယာသမားတွေအနေနဲ့ ဒီနေရာမှာပဲ သတင်းနဲ့ သက်ဆိုင်တဲ့ အလုပ်တွေလုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးက Duwun ကို ပြောပါတယ်။ 

“ အဆောက်အဦကတော့ ခုမှဆောက်လုပ်နေတာပါ။ ခန့်မှန်းထားတာက မိုးလေကင်းလွတ်ရင်တော့ (၁၁)လပိုင်းကုန်မှာ အပြီးဆောက်ပြီး (၁၂)လပိုင်းလောက်မှာ ဖွင့်ပွဲလုပ်မယ်။ (၃)ထပ်အဆောက်အဦဖြစ်တဲ့အတွက် အပေါ်ထပ်က နေပြည်တော်စည်ပင်ရဲ့ရုပ်သံလိုင်းအလုပ်တွေလုပ်မယ်။ဒုတိယထပ်ကတော့ ခန်းမသဘောမျိုးအစိုးရပွဲတွေနဲ့ သတင်းသမားတွေနဲ့ပတ်သက်ပြီး ဘာပွဲပဲလုပ်လုပ်ပေါ့။ အောက်ထပ်ကတော့ မီဒီယာသမားတွေ ပွဲတစ်ခုသွားပြီး သတင်းလာရေးတာမျိုးလုပ်နိုင်အောင်ဆောင်ရွက်ထားပါ။ အဆောက်အဦကိုတော့ အပြင်ပိုင်းအားလုံးအပြီးအစီး ရေမီးအစုံ သိန်းပေါင်း (၁၆၀၀)ကျော်သုံးသွားမှာပါ” လို့ ဦးရဲမင်းဦးကပြောပါတယ်။ 

မီဒီယာသမားတွေသတင်းကိစ္စတွေလုပ်ဆောင်လို့ ရမယ့် အဆောက်အဦအောက်ထပ်မှာဆိုရင်လည်း ဖိုင်ဘာကြိုးတွေနဲ့ အင်တာနက်လိုင်းတွေကို အဆင်သင့်လုပ်ဆောင်ပေးထားမယ်လို့ သိရပါတယ်။ 

အလယ်ထပ်က ဘက်စုံသုံးခန်းမမှာဆိုရင်လည်း သတင်းမီဒီယာသမားတွေရဲ့ မွေးနေ့ပွဲ ၊ မင်္ဂလာပွဲတွေနဲ့ အမှတ်တရပွဲမျိုးတွေကိုလည်း ကျင်းပခွင့်ပြုမှာဖြစ်တယ်လို့ ဦးရဲမင်းဦးကပြောပါတယ်။ 

လက်ရှိမှာတော့ အဆိုပါ Naypyitaw Information Centre တည်ဆောက်ရေး လုပ်ငန်းစဉ်အဖြစ် မြေကြီးတူးဖော်ရေးလုပ်ငန်းတွေစတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။






က္က