ယာဉ်မောင်းနဲ့ ခရီးသည်(၂)ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်းမှာ ဒီကနေ့ ဇွန်လ(၁၇)ရက်နေ့ မနက်အစောပိုင်းက ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး (၃)ဦးသေဆုံးခဲ့ပါတယ်။

photo -Myanmar Fire Services Department 

ခရီးသည်ယာဉ်က မကွေးကနေ လားရှိုးကိုတက်မယ့် ယာဉ်ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်အကူနဲ့ ခရီးသည်အပါအဝင် အားလုံး (၁၆)ဦးလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲကမှ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည် (၂)ဦးသေဆုံးခဲ့တယ်လို့ နောင်ချိုမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောက်က Duwun ကိုပြောပါတယ်။ 

“ ကားက ဘရိတ်ပေါက်သွားတာ။အဲဒါကိုလည်း ယာဉ်မာင်းကသိတော့ ထိန်းမောင်းရင်း ခရီးသည်တွေကိုလည်း အော်ပြောပြီးတော့ သေချာကိုင်ထားဆိုပြီး အသက်ရှင်ကျန်ရစ်ခရီးသည်တွေက ပြန်ပြောတယ်။ ကားက အဆင်းမှာ ဘရိတ်ပေါက်သွားတဲ့အပြင် ယာဉ်မောင်းက လမ်းကြောလည်း မကျွမ်းကျင်တဲ့သဘောပါ။ ဘာလို့လဲဆိုတော့ ကမ်းပါးမှာ ကျွန်တော်တို့ သံဘောင်တန်းလေးတွေတန်းထားတာ၊ အဲဒါကိုသူက ကမ်းပါးဆိုပြီးတက်လိုက်တာမှာ ဘေးက ချောက်ဖြစ်နေတာ" လို့ ဦးဇော်ဇော်အောင်ကပြောပါတယ်။

photo -Myanmar Fire Services Department 

ယာဉ်မောင်းက အသက်(၂၀)ကျော်အရွယ်သာရှိသေးပြီး သေဆုံးခဲ့တဲ့ ခရီးသည်နှစ်ဦးက အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးနဲ့ မိန်းကလေးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

တိမ်းမှောက်ခဲ့တဲ့ ယာဉ်လိုင်းနာမည်က “ ရွှေမင်းသား” ယာဉ်လိုင်းဖြစ်ပြီး လိုက်ပါလာတဲ့ (၁၆)ဦးမှာ (၃)ဦးသေဆုံးကာ (၁၃)ဦးက ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ဦးဇော်ဇော်အောင်ကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ (၁၃)ဦးမှာ (၈)ဦးက အတွင်းလူနာအနေနဲ့ ကုသမှုခံယူနေရပြီး (၅)ဦးကတော့ ပြင်ပလူနာအနေနဲ့ ကုသမှုခံယူနေရပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုက ဒီကနေ့ မနက်အစော (၃)နာရီခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး နောင်ချိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ အချိန်(၃)နာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။





က္က