သူအပါအဝင် နောက်ထပ် ၁၀ ဦးမှာ Negative နှစ်ကြိမ်ပြထားတာဖြစ်ပါတယ်။
Mi Thawdar Aung

လူနာအမှတ် ၅၀ တရားဟောဆရာဒေးဗစ်လားအပါအဝင် COVID-19 အတည်ပြုလူနာ ၁၀ ဦးမှာ ဆေးစစ်ချက်အဖြေ Negative နှစ်ကြိမ်ပြထားတယ်လို့ သိရပါတယ်။

Negative နှစ်ကြိမ်ပြထားတဲ့လူနာနံပါတ်တွေကတော့ (၂) ၊ (၈) ၊ (၃၂) ၊ (၃၃) ၊ (၃၈) ၊ (၄၁) ၊ (၄၇) ၊ (၅၀) ၊ (၅၄) ၊ (၅၈) တို့ဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“ ဒီလူနာတွေကတော့ နှစ်ကြိမ် Negative ပြထားတဲ့အတွက် သမားတော်တွေက ခွင့်ပြုချက်ရရင် ဆေးရုံက ဆင်းခွင့်ရတဲ့ ထပ်တိုးလူနာတွေထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ တီးတိန်က လူနာနံပါတ် ၁ ကတော့ Negative တစ်ကြိမ်ပဲပြသေးတယ်။ လူနာအမှတ် ၃၀ မေ့ဆေးဆရာဝန်မကြီးကတော့ Negative အဖြေထွက်ပြီးမှ အခုပြန်စစ်တော့ Positive ပြန်ပြနေတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

လူနာနံပါတ် ၂ ဟာ အင်္ဂလန်နိုင်ငံက ပြန်လာသူ အသက် ၂၄ နှစ်အရွယ်အမျိုးသား ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာကုသမှုခံယူနေတဲ့သူပါ။ လူနာနံပါတ် ၈ ကတော့ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံမှာပဲဖြစ်ပါတယ်။

လူနာနံပါတ် ၃၃ ကတော့ ရွှေပြည်သာမြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး လူနာနံပါတ် ၃၈ ကတော့ အင်းစိန်မြို့နယ်က အသက် ၇၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

လူနာနံပါတ် ၄၁ ၊ ၄၇၊ ၅၀၊ ၅၄ နဲ့ ၅၈ တို့မှာတော့ အင်းစိန်ဘာသာရေးပွဲကနေ စင်္ကာပူက ပြန်လာသူ လူနာ ၂၄ ကတစ်ဆင့် ကူးစက်ခံရတဲ့လူနာတွေဖြစ်ပါတယ်။

လူနာနံပါတ် ၅၀ ကတော့ အသက် ၄၁ နှစ်အရွယ် တရားဟောဆရာဒေးဗစ်လားဆိုသူဖြစ်ပြီး သူဦးဆောင်ကျင်းပခဲ့တဲ့ အင်းစိန်ဘာသာရေးပွဲကို စင်္ကာပူက ပြန်လာသူ လူနာ နံပါတ် ၂၄ တက်ရောက်ခဲ့ရာကနေ ကူးစက်ခံရမှုတွေ များပြားလာပြီး အခုဆို ထပ်ဆင့်ကူးစက်ခံရသူ ၇၀ နီးပါးထိရှိလာခဲ့တယ်လို့လည်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအချက်အလက်တွေအရသိရပါတယ်။

လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကနဦးထုတ်ပြန်ချက်တွေအရ COVID-19 အတည်ပြုလူနာတွေထဲမှာ ၁၆ ဦးက ရောဂါပျောက်ကင်းပြီး တစ်ချို့ကို ဆေးရုံမှာ အသွားအလာစောင့်ကြည့်ထားသလို တစ်ချို့ကိုတော့ နေအိမ်မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ကနဦးရောဂါပျောက်ကင်းသွားတဲ့ လူနာနံပါတ်တွေကတော့ (၃) ၊ (၄) ၊ (၆) ၊ (၇)၊ (၉) ၊ (၁၀)၊ (၁၁)၊ (၁၂)၊ (၁၅)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၄)၊ (၂၅)၊ (၂၇)နဲ့ (၂၉) တို့ဖြစ်ပြီး အခု Negative နှစ်ကြိမ်ပြထားတဲ့လူနာ ၁၀ ဦးထပ်တိုးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရောဂါကင်းစင်သူ စုစုပေါင်း လူနာ ၂၆ ဦးရှိလာတာ့မှာလည်းဖြစ်ပါတယ်။




က္က