မြို့တွင်း ဝင်ရောက်လာသူတွေရဲ့ ကျန်းမာရေး နဲ့ နေရပ်လိပ်စာကိုသာ အတိအကျ ကောက်ယူနေတာဖြစ်ပါတယ်။
Thin Nu Swe

နေပြည်တော်ကို Lock Down ချထားတယ်လို့ သတင်းမှားသတင်းတွေထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာတော့ Lock Down ချထားတာမျိုးတွေ မရှိဘဲ မြို့တွင်း ဝင်ရောက်လာသူတွေကို ကျန်းမာရေးကို အသေးစိတ် စစ်ဆေးတာနဲ့ နေရပ်လိပ်စာ အတိအကျကောက်ခံနေတာတွေသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်မြို့တွင်း ဝင်လာသူတွေကို ဂိတ်ပွိုင့် ငါးပွိုင့် ဖြစ်တဲ့ C လမ်းဆုံဂိတ်၊ ပျဥ်းမနားတောင်ညို လမ်းဂိတ်၊ တပ်ကုန်း ဂိတ်၊ တပ်ကုန်း - ကင်းသာ - ပင်လောင်းလမ်းခွဲဂိတ် နဲ့ သာဝထ္တိဂိတ် တွေမှာ ကျန်းမာရေးဆေးစစ်မှုတွေ နဲ့ နေရပ်လိပ်စာ အတိအကျကောက်ယူတာမျိုးတွေ လုပ်နေတာဖြစ်ပြီး နေပြည်တော်ကို ဝင်ရောက်လာသူတိုင်းကို Quarantine လုပ်မယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးလို့ သိရပါတယ်။

"စာရင်းကောက်ခံတယ်ဆိုတာ က ဝန်ထမ်းဆိုလည်း ဝန်ထမ်း၊ မိဘ ၊ အမည် ၊ အသက် ရယ်၊ နောက် ယာဥ်မောင်းက အစ ယာဥ်မောင်းရဲ့ အမည်ရယ် ၊ ယာဥ်အမျိုးအစားရယ် ၊ သူ့ရဲ့ အသက်ရယ်၊ သူ့ရဲ့ မိဘရယ်၊ မှတ်ပုံတင်နံပါတ်ရယ် ၊ ဖုန်းနံပါတ်ရယ်၊ ဒါတွေကို စစ်ပေးတာ။ သူတို့လည်း သဘောကျကြပါတယ်။ စစ်ဆေးခံရတဲ့သူတွေထဲမှာ လွှတ်တော်အမတ်တွေ ၊ ဗိုလ်မှူးတွေလည်း ပါတယ်၊ သူတို့လည်း ကျေနပ်ကြတယ်။ အစောကြီးကတည်းက ဒီလို လုပ်ရမှာလို့ ချည်းပြောနေကြတာ" လို့ C လမ်းဆုံဂိတ် တာဝန်ခံ ရဲအုပ် ကျော်စိုးခိုင်က Duwun ကိုပြောပါတယ်။

နေပြည်တော်ကို ဝင်ရောက်သူတွေကို ကျန်းမာရေးစစ်ဆေးပြီး ကိုယ်ပူချိန် ၁၀၀ ရှိသူမျိုး ခုထိ မတွေ့ရသေးဘူးလို့ သိရပါတယ်။ ကိုယ်ပူချိန် ၁၀၀ တွေ့လာခဲ့ပြီဆိုရင်လည်း ခေတ္တခဏ နားစေပြီးမှ နောက်ထပ် တစ်ကြိမ် ပြန်လည် ကိုယ်ပူတိုင်းတာမျိုး ပြုလုပ်လေ့ရှိတယ်လို့ ဒက္ခိဏသီရိမြို့နယ် ကျန်းမာရေးမှူး ဦးမျိုးသွင်က Duwun ကို ပြောပါတယ်။ ဝင်ရောက်လာသမျှ လူတိုင်းကို Quarantine ဝင်ခိုင်းမှာ မဟုတ်ပေမယ့်လည်း ကိုယ်ပူချိန် ၁၀၀ ကျော်တဲ့သူတွေကတော့ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေး နဲ့ နေရပ်လိပ်စာတွေကို နေပြည်တော်တွင်း ဝင်ရောက်သူမှန်သမျှ ကို စစ်ဆေးတယ်ဆိုပေမယ့်လည်း နိုင်ငံခြားခရီးသွားတွေ နဲ့ ရန်ကုန်ကနေ ဝင်ရောက်လာသူတွေကိုတော့ အထူးဂရုထား စစ်ဆေးကြောင်း သိရပါတယ်။

ဧပြီလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်ကို ဝင်ရောက်လာသူမှန်သမျှ ကို Quarantine ထားရှိမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို Duwun က မေးမြန်းရာမှာတော့ ဒီသတင်းဟာ လုံးဝမဟုတ်မှန်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဒီကနေ့ ဧပြီ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ လူနာ ၇၄ ဦး ရှိနေပြီး ၄ ဦး ‌သေဆုံးကာ ၂ ဦး ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ နေပြည်တော်မှာ တွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ဆွစ်ဇာလန်နိုင်ငံသူကတော့ အခုအခါမှာ ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က