ရခိုင်နဲ့ ပြည်ပကလာတဲ့သူတွေက မဖြစ်မနေကွာရန်တင်းဝင်ရမှာပါ။

ကိုဗစ်ကာလအတွင်းမှာ နေပြည်တော်ကို ဝင်ရောက်လိုတဲ့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အချက်အလက်များကို စစ်ဆေးရေးဂိတ်မှာ ပြသနိုင်မှ နေပြည်တော်တွင်းဝင်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဘယ်ဒေသကလာလာ သတ်မှတ်ထားတဲ့ အချက်အလက်တွေပြည့်စုံမှ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီးတော့ ရခိုင်နဲ့ ပြည်ပကလာတဲ့သူတွေကတော့ မဖြစ်မနေကွာရန်တင်းဝင်ရောက်မှာလည်းဖြစ်ပါတယ်။ 



“ နေပြည်တော်ကိုလာရောက်မယ်ဆိုရင်တော့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အတိုင်း လိုအပ်တဲ့ အချက်အလက်တွေပြည့်စုံမှ ဝင်ခွင့်ပြုမှာပါ။ ဒီအချက်အလက်တွေကတော့ ဘယ်ဒေသကလာတဲ့သူပဲဖြစ်ဖြစ် အားလုံးလိုအပ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ရင်တော့ ဝင်ခွင့်ပြုမှာပါ။ ရခိုင်နဲ့ပြည်ပကလာတဲ့သူတွေကတော့ မဖြစ်မနေ ကွာရန်တင်းဝင်ရမှာပါ" လို့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူက Duwun ကိုပြောပါတယ်။ 

နေပြည်တော်ကို ဝင်ရောက်လိုတဲ့သူတွေအနေနဲ့လိုအပ်တဲ့အချက်အလက်တွေကတော့

(၁) အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခရီးသွားလာခွင့်အမိန့် MO ကိုပြသနိုင်ရမည်။

(၂) ဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ နိုင်ငံခြားသား၊ လူပဂ္ဂိုလ်တွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခေါ်စာ ပြသနိုင်ရမည်။

(၃) ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများနဲ့ ပြည်သူတွေအနေနဲ့ကတော့ မိမိတို့နေထိုင်သည့် နေရာမှ (၇)ရက်အတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာနဲ့ နိုင်ငံခြားသားများက ဖြစ်ပါက passport ၊ visa ပူးတွဲပြသရန်

 စတဲ့ အချက်အလက်တွေပြည့်စုံမှ နေပြည်တော်ကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ 

ကျန်းမာရေးထောက်ခံစာ လုံးဝမလိုကြောင်းနဲ့ အထက်ပါအချက်တွေပြည့်စုံလျှင်တော့ စစ်ရေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

နေပြည်တော်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေအဖြစ် ပြည်သူတွေကြားမှာ စောင့်ကြည့် ကြည့်ရှုမှုလုပ်ငန်းတွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးရေးလုပ်ငန်းတွေအပါအဝင် အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိတဲ့ နေပြည်တော်တွင်းက လူတွေကိုလည်း ကွာရန်တင်းထားရှိပြီး ဓာတ်ခွဲစစ်ဆေးမှုလုပ်တာတွေလည်းဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့အပြင် ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်ခွင့် ပေးထားတဲ့ စားသောက်ဆိုင်တွေကိုလည်း ရှောင်တခွင်စစ်ဆေးတာတွေဆောင်ရွက်ပြီး စည်းကမ်းနဲ့ မညီပါက ခံဝန်ကတိထိုးခိုင်းကာ ဆိုင်ကို (၃)ရက်ပိတ်ခိုင်းတဲ့ထိ အရေးယူမှုအပိုင်းတွေလည်း ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က