ညနေ (၄)နာရီ(၆)မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တာပါ။

ဒီကနေ့နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ (၄)နာရီ (၆)မိနစ်အချိန်က နေပြည်တော်ရဲ့အနောက်တောင်ဘက် (၈၆)မိုင်ကို ဗဟိုပြုပြီး အင်အား(၄.၈)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဏ်ကိုတော့ နေပြည်တော်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သိသိသာသာခံစားလိုက်ရကြောင်းကိုလည်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြာပြခဲ့ကြပါတယ်။

“ နေပြည်တော်ရဲ့ အနောက်တောင်ဘက် (၈၆)မိုင်ခန့်အကွာ၊ သရက်မြို့ရဲ့ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာ။ အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို သတိပြုမိတဲ့ ဒေသတွေကတော့ နေပြည်တော်၊ သရက်နဲ့ ပြည်မြို့တွေမှာ သတိပြုမိတယ်” လို့ မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။

နေပြည်တော်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း “ ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်ထိုင်နေကြတာ။ တုန့်ခနဲဆိုပြီး ဖြစ်သွားတော့ လန့်သွားကြတာ။ ပြီးမှငလျင်လှုပ်မှန်းသိတာ။ လှုပ်ချိန်က သိပ်မကြာဘူး။ ခဏလေးပဲ။ ဒါပေမယ့် သိသိသာသာတော့ဖြစ်သွားတယ်။ ပတ်ဝန်းကျင်ကလူတွေလည်းအကုန်သတိထားမိတယ်” လို့ နေပြည်တော်မှာနေထိုင်တဲ့ ကိုနေလင်းမောင်က ပြောပါတယ်။

နေပြည်တော်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီးတော့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေပြည်တော်မြေငလျင်စခန်းရဲ့တိုင်းတာချက်အရလည်း နေပြည်တော်ရဲ့ အနောက်တောင်ဘက် (၈၆)မိုင်ခန့်အကွာ၊ သရက်မြို့ရဲ့ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ်သွားကြောင်းကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။  

Share

Loading Next Article...
က္က