ရေသန့်ဘူးခွံကောက်သူပုံစံမျိုးနဲ့ အယောက်ဆောင်ပြီး လုယက်ခဲ့တာပါ။

နေပြည်တော်မှာ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် ရေသန့်ဘူးကောက်သမားဟန်ဆောင်ပြီး ဓားနှင့်ထိုးကာ မိန်းကလေးဖြစ်သူ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားသူကို ဖမ်းဆီးမိခဲ့ပြီလို့ နေပြည်တော်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

နေပြည်တော်ရဲတပ်ဖွဲ့မှ တရားခံဖော်ထုတ်ဖမ်းဆီးရေးအတွက် အနီးတစ်ဝိုက်က လယ်ကွင်းပြင်တွေ၊ ဆက်စပ်ကျေးရွာတွေကို အဖွဲ့တွေ ခွဲပြီး ပိတ်ဆို့ရှာဖွေ ခြင်းတွေ ဆောင်ရွက်ခဲ့ရာ တရားလိုရဲ့ ပြောပြချက်အရ ပုံသဏ္ဍာန်နီးစပ်တူညီတဲ့ မသင်္ကာသူ ထွန်းထွန်း (ခ) မျိုးမင်းထိုက်ဆိုသူကို ဇူလိုင်လ ၂၇ ရက်မှာ ဖမ်းဆီးပြီးချုပ်ရမာန်ယူစစ်ဆေးခဲ့တယ်တယ်လို့ဆိုပါတယ်။



ကျုးလွန်သူမှာ အဲဒီဖြစ်ရပ်ကို ငြင်းပယ်ထွက်ဆိုနေပမယ့် အချိန်ယူတိုက်ဆိုင်စစ်ဆေးပြီးဖော်ထုတ်ခဲ့ရာမှ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့ကနေသိရပါတယ်။ 

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက် နေ့လယ်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကုက္ကိုလ်တန်းမှာ သမီးရည်းစားနှစ်ဦး စကားပြောနေကြစဉ် နောက်ကျောမှ လူတစ်ဦး ရေသန့်ဘူးကောက်ဟန်ဆောင်ပြီး ရောက်လာခဲ့ပါတယ်။

အဆိုပါသမီးရည်းစားနှစ်ဦးက ရေသန်ဘူးခွံပေးမယ်လုပ်စဉ် ဘူးခွံကောက်သူက သမီးရည်းစားနှစ်ဦးထဲက အမျိုးသားဖြစ်သူကို စကေဘာနဲ့ ထိုးခဲ့ပါတယ်။ အမျိုးသားမှာ နောက်ကျောမှာ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့လို့ လက်နဲ့ ပြန်ပုတ်ထုတ်လိုက်သဖြင့် စကေဘာပြုတ်ကျသွားရာ ဘူးခွံကောက်သူပီနံအိတ်အတွင်းက ဓါးဦးချွန်ကိုထုတ်ပြီး အမျိုးသမီးဖြစ်သူကို ထိုးခဲ့တယ်လို့သိရပါတယ်။

အမျိုးသမီးမှာ ဝဲဘက်နံကြားမှာ ထိုးသွင်းဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး အဆိုပါ အမျိုးသမီး ဝတ်ဆင်ထားတဲ့ ငါးမူးသားခန့် ရွှေဆွဲကြိုး (၁) ကုံးကို လုယူထွက်ပြေးသွားတယ်လို့ တိုင်တန်းတာကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း (ပ)၅၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တာပါ။

လက်ရှိမှာတော့ ကျူးလွန်သူ အခင်းဖြစ်စဉ် ဝတ်ဆင်ထားတဲ့ အကျီၤ၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဓါးဦးချွန်၊ သက်သေခံ ဆွဲကြိုးတို့ကို သိမ်းဆည်းပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေးအတွက် ဥပဒေနဲ့ အညီတရားစွဲတင်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က