ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာတဲ့ ပြည်တော်ပြန်တွေ ဖြစ်ပါတယ်။
Mi Thawdar Aung

ယူအေအီးနိုင်ငံက ပြန်လာသူ ၆ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၀ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

လူနာအမှတ် ၁၉၄ ကနေ ၁၉၉ အထိ လူနာ ၆ ဦးစလုံးဟာ ရန်ကုန်တိုင်းအတွင်းနေထိုင်ကြသူတွေဖြစ်ပြီး အင်းစိန်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ မနေ့ကမေလ ၁၉ ရက်မှာလည်း ယူအေအီးနိုင်ငံက ပြန်လာသူ ၂ ဦးမှာ ရောဂါပိုးတွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖော်ပြထားတာကြောင့် အခုဆိုရင် နှစ်ရက်အတွင်း ယူအေအီးနိုင်ငံက ပြန်လာသူ ၈ ဦးမှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်ပါတယ်။

ဒ့ါအပြင် ဒီကနေ့မှာ လူနာအမှတ် ၂၈၊ ၄၃၊၈၇ နဲ့ ၁၂၅တို့မှာ နှစ်ကြိမ်ဆက်ပိုးမတွေ့တော့တာကြောင့် မြန်မာနိုင်ငံမှာ မေလ ၂၀ ရက်အထိ ပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးအထိရှိလာခဲ့ကာ အဲဒီထဲကမှ ဆေးရုံက ဆင်းခွင့်ရသူ (၉၈) ဦးရှိထားပြီလို့လည်းသိရပါတယ်။

အစိုးရကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ယူခဲ့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲကမှ မေလ ၁၆ ရက်ကနေ ဒီကနေ့ မေလ ၂၀ ရက်နေ့အထိ ပြည်တော်ပြန် ၁၇ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၉ ဦးက မလေးရှားနိုင်ငံက ဖြစ်ပြီးတော့ ၈ ဦးကတော့ ယူအေအီးနိုင်ငံက ဖြစ်ပါတယ်။

“ ဒီလူတွေက နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ စနစ်တကျ ဝင်ရောက်လာတယ်။ ဒီရောက်တဲ့အခါမှာလည်း ကျန်းမာရေးစစ်ဆေးမှုခံယူမယ်။ ကွာရန်တင်းလည်းဝင်ကြတယ်။ ဒါကြောင့် ဒီပြည်တော်ပြန်အုပ်စုထဲကနေ ပိုးတွေ့ထားခြင်းက ထိန်းချုပ်နိုင်တဲ့သဘောမှာရှိပါတယ်။” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

မေလပထမပတ်ကစပြီးတော့ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ဘန်ကောက်၊ အိန္ဒိယ၊ မလေးရှား၊ ယူအေအီးနိုင်ငံတွေက မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့ပြီး အစိုးရက စီစဉ်တဲ့ ကွာရန်တင်းစင်တာမှာနေထိုင်ကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုခံယူခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ကွာရန်တင်းစင်တာတွေက စောင့်ကြည့်ခံနေရသူတွေရဲ့ဓာတ်ခွဲနမူနာတွေကို ဆက်တိုက်စစ်ဆေးနေရာကနေ ရောဂါပိုးတွေ့ရှိသူတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ မေလ ၂၀ ရက် ည ၈ နာရီအထိ ရောဂါပိုးရှိသူ ၁၉၉ ဦးရှိလာတဲ့အနက် ပိုးကင်းစင်သူ ၁၀၈ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က