လက်ရှိတော့ တိုင်းထွာမှုတွေ လုပ်နေပါပြီ။
Mi Thawdar Aung

တံတားလမ်းအဆက်နေရာမှာ နိမ့်ကျသွားတဲ့ တောင်ဒဂုံ-သုဝဏ္ဏ တံတားကို အကြီးစားပြန်လည် ပြင်ဆင်မှု လုပ်သွားမယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Duwun ကို ပြောပါတယ်။

မကြာသေးခင်က ဖွင့်လှစ်ထားတဲ့  တောင်ဒဂုံ-သုဝဏ္ဏ တံတားအသစ်ဟာ ဇွန်လ ၂၀ ရက် နေ့လည်ပိုင်းလောက်က သုဝဏ္ဏဘက်ခြမ်း ချဉ်းကပ်လမ်းမှာ နှစ်လက်မခန့် နိမ့်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

“ အခုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကပြင်ဆင်မှုတွေလုပ်ဖို့ တိုင်းထွာမှုတွေ လုပ်နေပါပြိ။ သုဝဏ္ဏဘက်ကလာမယ်ဆိုရင် ညာဘက်ခြမ်းက ပိုနိမ့်တာ။ အန္တရာယ်ရှိတဲ့အနေအထားတော့မရှိပါဘူး။သူတို့ တိုင်းထွာမှု အရ တံတားက အရမ်းနိမ့်ဆင်းတဲ့ အခြေအနေမျိုးမရှိသေးပါဘူး။ လိုအပ်ရင်တော့ အကြီးစားပြင်ဆင်မှုတွေလုပ်သွားမှာပါ။” လို့ ဦးညီညီက Duwun ကိုပြောပါတယ်။

Photo- တောင်ဒဂုံ-သုဝဏ္ဏတံတား

အဆိုပါ တံတားနိမ့်ဆင်းမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊တံတားဆောက်လုပ်သည့် မြတ်နိုးသူ ကုမ္ပဏီမှတာဝန်ရှိသူတွေ၊ ရန်ကုန်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနတို့  ဒီကနေ့ ဇွန်လ ၂၁ ရက် မနက်ပိုင်းက တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။

လက်ရှိမှာ တံတားနိမ့်ဆင်းနေပေမယ့် ယာဉ်တွေကိုတော့ဖြတ်သန်းသွားလာခွင့်ပြုထားပြီး အကြီးစားပြင်ဆင်မှု လုပ်မည်ဆိုပါကယာယီ ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

အဆိုပါတံတားကို ၆ လအတွင်း အပြီးတည်ဆောက်ခဲ့ရတာဖြစ်လို့ ချို့ယွင်းချက်တွေရှိခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဦးညီညီက ဆိုပါတယ်။

တာင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့ ဆက်သွယ်ထားတဲ့ တောင်ဒဂုံ-သုဝဏ္ဏ တံတားကို ကျပ်သိန်း ငါးထောင်ကျော် အကုန်ကျခံပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။

အဆိုပါ တံတားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွင့်လှစ်ထားတာဖြစ်ပြီး လေးလခန့်သာ အသုံးပြုရသေးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က