ဒီနေ့ပြုလုပ်တဲ့ ဗဟိုကော်မတီဝင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ဟာ ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဒီကနေ့ ဇူလိုင်လ ၂ ရက်ကစတင်ပြီး ဆောင်ရွက်မယ်လို့ NLD ပါတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Photo- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယနေ့ ထုတ်ပြန်ချက်



 “ ဒါကတော့ ပြီးခဲ့တဲ့ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ ဥပဒေနဲ့ အညီ လုပ်ပိုင်ခွင့်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ (၁) တို့ ဖြစ်တဲ့အတွက် ဥပဒေပါရပိုင်ခွင့်များကို သုံးပြီးတော့ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးတွေကို စတင်ဆောင်ရွက်တော့မယ့်အကြောင်းအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို တရားဝင် အသိပေးတာပါ” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က Duwun ကိုပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ လာမယ့် ရွေးကောက်ပွဲမှာ တာမွေမြို့နယ်ကနေပဲ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ ဒေါက်တာမျိုးညွန့်ရဲ့ ပြောကြားချက်အရသိရပါတယ်။

Photo- ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တာမွေမြို့နယ်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးတို့ မဲလာပေးစဉ်။

တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မတွေအရ  ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦး၊ ဒုတိယဝန်ကြီးတစ်ဦးဦးဟာ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကြေညာတဲ့နေ့ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နဲ့ ၁၂၁ တို့ ပြဌာန်းချက်တွေနဲ့ ကိုက်ညီရင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ဇွန်လ ၁ ရက် ညနေပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကြေညာထားပြီးဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေပါပြဌာန်းချက်တွေအရ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကိုလည်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကြေညာတဲ့ ဇူလိုင်လ ၁ ရက်စပြီး လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ကော်မရှင်က ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က