ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုကိုးကျွန်းကိုပထမဆုံးအကြိမ်သွားရောက်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုကျွန်းမြို့နယ်ကို သွားရောက်ခဲ့ခြင်းက မဲဆွယ်စည်းရုံးဖို့ လုံးဝမဟုတ်ဘဲ ဒေသဖွံဖြိုးရေးအတွက်သာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက Duwun ကို ပြောလိုက်ပါတယ် ။ 

သြဂုတ်လ ၆ရက်က အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် ကိုကိုးကျွန်းမြို့နယ်ကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းက ရွေးကောက်ပွဲအတွက် လို့ ဝေဖန်သုံးသပ်နေတဲ့အပေါ် NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က ငြင်းဆိုလိုက်တာဖြစ်ပါတယ်။



“ ဒါကရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သွားတာမဟုတ်ဘူး ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အုပ်ချုပ်ရေးအရသွားတဲ့သဘောပါပဲ။ အဲဒါကိုတော့ ကျွန်တော်တို့က အသေအချာပြောရလိမ့်မယ်။ ရွေးကောက်ပွဲအတွက် ဘာညာသွားတယ်ဆိုပြီး ပြောကြတာတွေရှိတယ် ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာမရှိဘူး ။ မြို့နယ်ဖွံဖြိုးရေးနဲ့ပတ်သက်လို့ပဲ အားစိုက်လုပ်မဲ့အကြောင်းပြောကြားတာမျိုးပါ။ “ လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က Duwun ကို ပြောပါတယ်။ 

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

နိုင်ငံတော်အကြီးအကဲတာဝန်ရှိသူအနေနဲ့ဒေါ်အောင်ဆန်းစုကြည်က ကိုကိုးကျွန်းကို သွားနိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်လောင်းတွေ အရွေးခံမဲ့နေရာဖြစ် လို့ ပါတီတာဝန်ရှိသူအနေနဲ့လည်း သွားလို့ရနိုင်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း သုံးသပ်ပြောဆိုပါတယ်။  

“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့သွားခဲ့တယ်ဆိုရင် အခုက မဲဆွယ်စည်းရုံးရေးကာလမရောက်သေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ၊နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိနိုင်တယ်။ ဒါကို ချိန်ဆရမှာပဲ”လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုပါတယ်

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ “ အမှန်တိုင်းပြောရရင်တော့ဝေဖန်ချင်တာပေါ့ဗျာ။ ဒါပေမဲ့လည်း အချင်းချင်းပြဿနာဖြစ်တာကလွဲရင် ဘာအကျိုးထူးလာမှာမှ မဟုတ်တာ ။ ကျွန်တော်တို့ကသူများကိုဝေဖန်နေမဲ့အစား ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါပဲ “ လို့ Duwun ကိုပြောပါတယ်။ 

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုကိုးကျွန်းမှာ မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်အောင်၊ မဲစာရင်းမှန်အောင်၊ မှန်မှန်ကန်ကန်မဲစာရင်းပါအောင်လုပ်ဆောင်ဖို့ ညွန်ကြားခဲ့ပြီး အစိုးရ တာဝန်ဟာ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်တဲ့အခြေအနေဖြစ်အောင် လုပ်ပေးရမှာဖြစ်သလို ပြည်သူ့တာဝန်ကလည်း မဲပေးဖို့ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုကိုးကျွန်းမြို့နယ်ရဲ့ ခရီးစဉ်မှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က